နေပြည်တော် ၉ ဇန်နဝါရီ

UK နိုင်ငံ DFID အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိသော Asian Community Access Partnership (As CAP)နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးလက်လမ်းများအတွက် မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်လမ်းများဆိုင်ရာ လက်စွဲစာအုပ်ထုတ်ပြန်ရေး သက်ဆိုင်သူများအားလုံးပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။

 

7121

 

အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် ကျေးလက်လမ်းများကို ပြင်ဆင်ထိန်းသိမ်းခြင်း၊ အသစ်တည်ဆောက်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိနိုင်ငံအတွင်း၌ ကျေးရွာပေါင်း (၆၃,၂၆၄)ရွာတည်ရှိပြီး၊ လမ်းအရှည် (၈၉,၀၀၀) ကီလိုမီတာခန့်ရှိပါကြောင်း၊ အဆိုပါလမ်းများအသုံးပြုနိုင်မှုမှာ နိုင်ငံအတွင်း ကျေးရွာအားလုံး၌ အဓိကလမ်းမကြီးဖြင့် တိုက်ရိုက်ဆက်သွယ်နိုင်သည့် ကျေးရွာ(၂၂ ရာခိုင်နှုန်း)၊ ရာသီမရွေး လမ်းအသုံးပြုနိုင်သည့် ကျေးရွာ(၂၈ ရာခိုင်နှုန်း)၊ ခြောက်သွေ့ရာသီ၌သာ လမ်းအသုံးပြုနိုင်သည့် ကျေးရွာ (၃၆ ရာခိုင်နှုန်း)နှင့် လမ်းမရှိသေးသည့်ကျေးရွာ (၁၄ ရာခိုင်နှုန်း)ရှိပါကြောင်း၊ ကျေးလက်လမ်းများ ဖွံ့ဖြိုးရေးအတွက် မူဝါဒများ၊ မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များရေးဆွဲပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းအကောင်အထည်ဖော်မှုကို သာမကဘဲ လုပ်ငန်းအရည်အသွေးစစ်ဆေးခြင်း၊ သုံးသပ်ခြင်း၊ ပြန်လည်ဆန်းစစ်ခြင်းနှင့် သုတေသန လုပ်ငန်းရပ်များကိုပါ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

 

7122

 

ကျေးလက်လမ်းများ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ကျေးလက်လမ်း သုတေသနလုပ်ငန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများနှင့် အသိပညာဖြန့်ဝေခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါကြောင်း။

 

7123

 

လက်ရှိစီမံကိန်းအစီအစဉ်ဖြင့် ကျေးလက်လမ်းသုတေသန ပထမ(၅)နှစ် စီမံကိန်းအစီအမံနှင့် လက်ရှိကျေးလက်လမ်းများ၏ ဒီဇိုင်းနှင့် စံနှုန်းများအပေါ်လေ့လာ ဆန်းစစ်ခြင်းများနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနဝန်ထမ်းများအပေါ် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများနှင့် အစီအစဉ်များကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသည် ကျေးလက်လမ်းများ ဒီဇိုင်းနှင့် စံနှုန်းသတ်မှတ်ချက် လက်စွဲစာအုပ်ပြုစုရန် နောက်ဆုံးအကြိမ် ကျင်းပသည့် ဆွေးနွေးပွဲဖြစ်ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲမှရရှိသည့် Design Manual မှာ ထပ်မံဖြည့်သွင်းသွားမှာ ဖြစ်သည့်အတွက် အထောက်အကူများစွာ ရရှိစေမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ As CAPမှ Asia Technical Manager, Mr. Maysam Abedin က သုတေသနနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် Gauff Consultant Firm မှ Eurasia Regional Director, Mr. Thomas Eckart က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် နောက်ခံအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် Author, Dr.Jasper Cook နှင့် Gauff Consultant Firm မှ Structural Specialist, Dr. Mohammed Abed တို့က လက်စွဲစာအုပ်နှင့်ပတ်သက်သည့် ရှင်းလင်းချက်များအပေါ် တက်ရောက်လာသော နိုင်ငံတကာ အကြံပေးပညာရှင်များနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်တို့မှ တာဝန်ခံများ၊ အခြားဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်တို့က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

ဆက်လက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်သက်က ကျေးလက်လမ်းများ ဒီဇိုင်းလက်စွဲစာအုပ်အား ၂၀၂၀ ပြည့်နှစ် မတ်လအတွင်း အတည်ပြုနိုင်ရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

သတင်းစဉ်