နေပြည်တော် ၂၉ အောက်တိုဘာ

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့ နံနက်ပိုင်း တွင် မွန်ပြည်နယ်  မော်လမြိုင် - မုဒုံလမ်း အ‌ခြေအနေနှင့် မုဒုံ - ချောင်းနှစ်ခွ - မဲသရော - လှိုင်ကွယ် လမ်းအခြေအနေတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား လမ်းစခန်းရှင်းလင်းဆောင်၌ ကရင်ပြည်နယ် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသောင်းဟန်စိုးက မုဒုံ-ချောင်းနှစ်ခွ-မဲသရော-လှိုင်ကွယ်(ကော့ကရိတ်) လမ်း (မဲသရော - လှိုင်ကွယ်အပိုင်း) ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်မှု၊ ကရင်ပြည်နယ် အတွင်းရှိ လမ်း၊ တံတားအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များမှာကြားပြီး ကတ္တရာကွန်ကရစ်ဖျော်စက်မှ ကတ္တရာကွန်ကရစ် ဖျော်စပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သထုံ- ဘားအံ- ကော့ကရိတ်- မြဝတီလမ်း (အာရှလမ်း) အခြေအနေတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး လမ်းစခန်း ယာယီ ရှင်းလင်းဆောင်တွင် ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသောင်းဟန်စိုးက ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး မိုင်တိုင်(၁၅၈ နှင့် ၁၅၉)ကီလိုမီတာကြား (၀ ဒသမ ၅၈၃) ကီလိုမီတာအရှည် လမ်းကျင်းသည့်အပိုင်းအား လမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ကတ္တရာကွန်ကရစ်ခင်း ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ် ဦးအုန်းလွင် က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် အထူးဂရုပြု ဆောင်ရွက်ရန် မှာကြားပြီး လမ်းချဲ့နေမှုနှင့် ကတ္တရာကွန်ကရစ်ခင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

 

han zaw 002