နေပြည်တော် ၁၇ စက်တင်ဘာ 

မန္တလေးနည်းပညာတက္ကသိုလ်၏ တက္ကသိုလ်ဂုဏ်ထူးဆောင်တံဆိပ်နှင့် ဂုဏ်ပြုလွှာများ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယမန်နေ့ ည ၇ နာရီတွင် မန္တလေးမြို့ရှိ မန္တလေးနည်းပညာ တက္ကသိုလ် ဂုဏ်ပြုခန်းမဆောင်၌ ကျင်းပသည်။

 

3227

 

အခမ်းအနားတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်နာယက ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က မန္တလေးနည်းပညာတက္ကသိုလ်မှ ပထမအကြိမ် ကျင်းပသော ယခုဂုဏ်ထူးဆောင်ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အပ်နှင်းသော အခမ်းအနားသည် တက္ကသိုလ်၏ ပင်မလုပ်ငန်းတာဝန်များအပြင် မိမိပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်းအတွင်း အင်ဂျင်နီယာ ပညာရပ်ဖွံ့ဖြိုးတိုးတက်ရေး၊ အင်ဂျင်နီယာ ပညာမြင့်မားရေးနှင့် တက္ကသိုလ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တက္ကသိုလ်နှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးမှုများကို အသိအမှတ်ပြု၍ ဆုများ ရွေးချယ်ပေးအပ်ခြင်းဖြစ်သည်ဟု သိရပါကြောင်း။

ဂုဏ်ထူးဆောင်တံဆိပ်များနှင့် ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခြင်းခံရသည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသည် တက္ကသိုလ်ဖွံ့ဖြိုးရေး၊ ဒေသတွင်းသိပ္ပံ၊ နည်းပညာနှင့် အင်ဂျင်နီယာလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူများဖြစ်သည်ကို သက်သေပြလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ဘွဲ့တံဆိပ်များ၊ ဂုဏ်ပြုလွှာများ ချီးမြှင့်အသိအမှတ်ပြုခြင်းဖြင့် အနာဂတ်တွင် အင်ဂျင်နီယာပညာရေးနှင့် ဒေသတွင်းဖော်ဆောင်လျက်ရှိသော သိပ္ပံ/နည်းပညာနှင့် အင်ဂျင်နီယာ လုပ်ငန်းများအပေါ် အားထားဆောင်ရွက်ပေးနိုင်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ပိုမိုတိုးတက်ဖြစ်ပေါ်လာနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုးနှင့် မန္တလေးနည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဆင့်စိုးတို့က တက္ကသိုလ်ဂုဏ်ထူးဆောင်ဆုတံဆိပ်နှင့် ဂုဏ်ပြုလွှာများ ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က မန္တလေးနည်း ပညာတက္ကသိုလ်၏ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုရသူ တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်တို့ကို ဂုဏ်ပြုပုဝါ၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ တာဝန်ရှိသူများက တက္ကသိုလ်၏ ဂုဏ်ထူးဆောင် ဆုရရှိသည့်အဖွဲ့အစည်း (၅)ဖွဲ့မှ တာဝန်ရှိသူများကို ဂုဏ်ပြုပုဝါ၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

ယင်းနောက် ဂုဏ်ထူးဆောင်ဆုတံဆိပ် ရရှိသူများကိုယ်စား တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် နာယက၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးနည်းပညာတက္ကသိုလ်  ဂုဏ်ပြုခန်းမဆောင်၌ ကျင်းပသည့် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အင်ဂျင်နီယာအသင်းများအဖွဲ့ချုပ် (Federation of Engineering Institutions of Asia and the Pacific, FEIAP) ၏ အင်ဂျင် နီယာပညာရေး အရည်အသွေးလုပ်ငန်းများ လိုက်နာဆောင်ရွက်ခြင်း အသိအမှတ်ပြုအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ အရည်အသွေး တည်ဆောက်မှု လုပ်ငန်းစဉ်များကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ လေ့ကျင့်သင်ကြားပေးခြင်းဖြင့် မိမိနိုင်ငံမှ အင်ဂျင်နီယာများအတွက် ဒေသတွင်းနိုင်ငံများတွင် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုးက အမှာစကားပြောကြားပြီး အာရှနှင့်ပစိဖိတ်ရေးရာ အင်ဂျင်နီယာအသင်းများ အဖွဲ့ချုပ် (FEIAP) ၏ Vice President နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ချာလီသန်းက FEIAP Engineering Education Guidelines ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် FEIAP Vice President ဒေါက်တာချာလီသန်းနှင့် FEIAP Reviewer များက မန္တလေးနည်းပညာတက္ကသိုလ်၏ အင်ဂျင်နီယာ အထူးပြုပညာရပ် FEIAP Accredited Program များအဖြစ် FEIAP Official Web Page ကို စက်စလုတ်နှိပ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတကာစာတမ်းဖတ်ပွဲ (ICSTI – Mandalay) 2019 Engineering Products and Project Show ကို ကြည့်ရှုအားပေးသည်။ 

သတင်းစဉ်