နေပြည်တော် ၁၃ နိုဝင်ဘာ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်တွင် အဆောက်အဦဦးစီးဌာန၊ အဆောက်အဦ အထူးအဖွဲ့(၂)မှ တာဝန်ယူတည်ဆောက်နေသော သမ္မတရုံးဝန်ကြီးဌာန၏ ဝန်ကြီးရုံးသစ်၊ သံကူကွန်ကရစ် (၃)ထပ် အဆောက်အအုံ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ လုပ်ငန်းခွင်ရှင်းလင်းဆောင်တွင် အဆောက်အဦဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးရဲမင်းဇော်က တည်ဆောက်ရေးလုပ်ငန်း လျာထားချက်နှင့် ပြီးစီးမှုအခြေအနေ၊ မြို့ပြ၊ ရေသန့်၊ လျှပ်စစ်ကဏ္ဍအလိုက် ဆောင်ရွက်မှုတို့နှင့် စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြရာ အမြဲတမ်းအတွင်းဝန် ဦးရွှေလေးက မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားကြောင်းနှင့် မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် မီးသတ်ကိရိယာများနှင့် သီးသန့်ရေပိုက်လိုင်းများကိုလည်း ထည့်သွင်းတည်ဆောက်ထားကြောင်း ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ယခုတည်ဆောက်နေသည့် အဆောက်အအုံကို အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၂)အနေဖြင့် အဆောက်အအုံ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စံပြဖြစ်အောင် ဆောင်ရွက်ရန်လိုပါကြောင်း၊ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်း ပြည့်မီအောင် အထူးအလေးထား ဆောင်ရွက်ရန်လိုကြောင်း၊ လက်ရာသေသပ် ကောင်းမွန်ရေးနှင့် ငလျင်ဒဏ်ခံနိုင်အောင် ထည့်သွင်းဆောင်ရွက်ရန်လိုပါကြောင်း၊ နောင်တချိန် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အဆောက်အအုံ ဒီဇိုင်းအသေးစိတ်ကို သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းပေးရန်လိုပါကြောင်း၊ မီးဘေးအန္တရာယ် ကာကွယ်ရေးစနစ်ပါရှိရေးနှင့် လုပ်ငန်းခွင်ဆောင်ရွက်နေသည့် လုပ်သားများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများနှင့်အညီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သံကူကွန်ကရစ် (၃)ထပ် အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများ အချောသပ်ဆောင်ရွက်နေမှု အခြေအနေနှင့် လျှပ်စစ်နည်းပညာပိုင်း ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်တွင် အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၂)မှ သမ္မတရုံးဝန်ကြီးဌာန၏ ဝန်ကြီးရုံးသစ်၊ သံကူကွန်ကရစ် (၃)ထပ်၊ ၁၃၂၉၆၀ စတုရန်းပေရှိသည့် အဆောက်အအုံကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် စတင်တည်ဆောက်ခဲ့ရာ ယခုအခါ လုပ်ငန်းတစ်ခုလုံး (၉၆)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် တည်ဆောက်နေသည့် သုခဝတီအိမ်ရာ စီမံကိန်းသို့ ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က နေပြည်တော်ကောင်စီနယ်မြေတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၊ လက်ရှိနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအတွက် အိမ်ရာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အိမ်ရာစီမံကိန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က မြို့ပြ၊ ရေသန့်၊ လျှပ်စစ်ကဏ္ဍနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို သက်ဆိုင်ရာကဏ္ဍအလိုက် အသေးစိတ် မြေပုံရာဇဝင်များနှင့် ရှင်းလင်းတင်ပြရာ အမြဲတမ်းအတွင်းဝန် ဦးရွှေလေးက လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများအပြင် ပြည်သူများ နေထိုင်ရေး အဆင်ပြေစေရန် နေပြည်တော်‌၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အငှားအိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအိမ်ရာစီမံကိန်းများကို အရည်အသွေးကောင်းမွန်စွာဖြင့် သတ်မှတ်အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်ပေးရန်တို့ကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သုခဝတီအိမ်ရာ စီမံကိန်းအတွင်းရှိ တည်ဆောက်ပြီး အိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

သုခဝတီအိမ်ရာစီမံကိန်း (နိုင်ငံ့ဝန်ထမ်းအငြိမ်းစား အငှားအိမ်ရာ)ကို နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်မြို့ပတ်လမ်းဘေး၊ မြေဧရိယာ(၃၃)ဧကရှိ မြေပေါ်တွင် ယူနစ်(၃၀၀) ၁၂ ခန်းတွဲ ၅ ထပ် (၅)လုံး၊ ယူနစ်(၁၂၀) ၁၂ ခန်းတွဲ ၅ ထပ် (၂)လုံး၊ ယူနစ် (၁၀၀) ၄ ခန်းတွဲ ၅ ထပ် (၅)လုံး၊ (၄၁၆) ယူနစ် ၄ ခန်းတွဲ ၅ ထပ် (၂၆)လုံး၊ (၂၈၈)ယူနစ် ၄ ခန်းတွဲ ၅ ထပ် (၁၈)လုံးတို့ကို ဘဏ္ဍာရေးနှစ်အလိုက် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်