နေပြည်တော် ၂၈ နိုဝင်ဘာ
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးဟန်ဇော်သည် နေပြည်တော် ကောင်စီဉက္ကဋ္ဌ၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အတူ နိုဝင်ဘာ(၂၃)ရက် ညပိုင်းတွင် ရန်ကုန်မြို့မှ ကိုရီးယား သမ္မတနိုင်ငံသို့ ထွက်ခွာကြပြီး ကိုရီးယားနိုင်ငံ ဘူဆန်မြို့သို့ နိုဝင်ဘာ ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ရောက်ရှိကြသည်။
ပြည်ထောင်စုဝန်ကြီး ဉီးဟန်ဇော်သည် ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် Breaking Ceremony for Busan Eco-Delta Smart City အခမ်းအနားသို့ တက်ရောက်သည်။ အဆိုပါ အခမ်းအနားတွင် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မွန်ဂျေအင်း တက်ရောက်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားသို့ အာဆီယံနိုင်ငံများမှ ဝန်ကြီးချုပ် များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးများ၊ မြို့တော်ဝန်များ တက်ရောက် ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် နိုဝင်ဘာ(၂၅)ရက် နံနက် ၉ နာရီခွဲတွင် ကိုရီးယားနိုင်ငံ ဘူဆန်မြို့ Park Hyatt ဟိုတယ်၌ ကျင်းပသည့် The ASEAN-ROK Ministerial Level Meeting on Smart City ဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက Smart City Strategy နှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်နေမှုများ၊ ASEAN ၊ တောင်ကိုရီးယားနိုင်ငံနှင့် အခြားသောမိတ်ဖက်အဖွဲ့အစည်းများနှင့် ရှေ့ဆက်လက်တွဲ ဆောင်ရွက်သွားရမည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် "ASEAN-ROK Smart City Fair 2019" ကျင်းပရာ Bexco ခန်းမသို့ အခြားသော ASEAN အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အတူသွားရောက် လေ့လာအားပေးခဲ့ရာ မြန်မာနိုင်ငံပြခန်း၌ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဉီးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးမြင့်က မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက် နေမှုအခြေအနေများ၊ မြန်မာနိုင်ငံတွင် DUHD အနေဖြင့် Smart City ဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းပြသသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် နိုဝင်ဘာ ၂၆ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် Park Hyatt Hotel ၌ ကိုရီးယားနိုင်ငံ Ministry of Land, Infrastructure and Transport ဝန်ကြီး Ms. Kim Hyun meeနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေသော Korea Myanmar IndustrialPark၊ ဒလတံတားနှင့် ဒလမြို့သစ် စီမံကိန်း၊ မြန်မာနိုင်ငံတွင် Smart City ဆောင်ရွက်မည့် အစီအစဉ်၊ လမ်းအဆင့်မြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် LH Korea မှ CEO ဉီးဆောင်သောအဖွဲ့အား Paradise Hotel တွင် လက်ခံတွေ့ဆုံ၍ Korea-Myanmar IndustrialPark (KMIC) လုပ်ဆောင်နေမှု၊ နေပြည်တော်တွင် Smart City ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးမည့် ကိစ္စရပ်များဆွေးနွေး ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဉီးဟန်ဇော် နှင့်အဖွဲ့သည် ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှ နိုဝင်ဘာ ၂၇ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်းရန်ကုန်ဘက်ခြမ်းသို့ ရောက်ရှိရာ လုပ်ငန်းခွင် ရှင်းလင်းဆောင်တွင် တံတားဉီးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးကျော်ကောင်းချိုနှင့် စီမံကိန်းမှ တာဝန်ရှိသူများက မြန်မာ- ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များမှာကြား၍ လုပ်ငန်းခွင်အတွင်းကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒလဘက်ကမ်းသို့ ရောက်ရှိပြီး ရေလယ်ဘိုးပိုင်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယာယီတံတားဆောင်ရွက်နေမှု ဒလဘက်ခြမ်း စီမံကိန်းလုပ်ငန်းခွင်အတွင်း ဘိုးပိုင်လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တံတားဘိုးပိုင် လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေး လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)