နေပြည်တော် ၂၄ မေ
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထာင်စုဝန်ကြီး ဦးဟန်ဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ လမ်း၊ တံတားနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမဆောင်မှ Video Conferencing ဖြင့် ချိတ်ဆက်၍ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်အတွင်းရှိ လမ်း၊ တံတားနှင့် ကျေးလက်လမ်း/တံတား ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် တိုးတက်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးတိုးတိုးက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ ရန်ကုန်- တောင်ငူ - မန္တလေး ပြည်ထောင်စုလမ်းမကြီး လုပ်ငန်းဆောင်ရွက်နေမှု၊ ရန်ကုန် - ပြည်လမ်း၊ (ပဲခူးတိုင်းဒေသကြီးအပိုင်း) လုပ်ငန်းဆောင်ရွက်နေမှု၊ တောင်ငူ - လိပ်သို - ယာဒိုလမ်းအပိုင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် တံတားချဉ်းကပ်လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများနှင့် လှူဒါန်းထောက်ပံ့မှုတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆောင်ရွက်လျက်ရှိသော လမ်း၊ တံတား တိုးတက်မှုအခြေအနေတို့ကို Video Clip ဖြင့် ပြသသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ကျော်လူက ပဲခူးတိုင်းအတွင်း ဆောင်ရွက်လျက်ရှိသော ကျေးလက်လမ်း/တံတား လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး လုပ်ငန်းတိုးတက်မှုတို့ကို Video Clip ဖြင့် ပြသသည်။
ထို့နောက် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၆)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းလွင်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ရေတာရှည်- ကရင်ချောင်း- လိပ်သိုလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား (ရေတာရှည်) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး လုပ်ငန်းတိုးတက်မှုတို့ကို Video Clip ဖြင့် ပြသသည်။
ယင်းနောက် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၉)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မျိုးက ပဲခူးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် တောင်ငူ- ကျောက်ကြီး- ရွှေကျင်- ဝင်းကံလမ်းပေါ်ရှိ အရှည်ပေ (၁၆၈၀)၊ ရွှေကျင်ချောင်းကူးတံတား၊ ကဝမြို့ရှောင်လမ်းပေါ်ရှိ အရှည်ပေ(၆၀၀) ပဲခူးမြစ်ကူးတံတား(ကဝ)နှင့် ပဲခူးမြို့၊ စိန်သာလျောင်းလမ်းနှင့် သမိန်ဗရမ်းလမ်းတို့ကို ဆက်သွယ်သည့် ပဲခူးမြစ်ကူးတံတား (မြို့ဦးကင်း) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လုပ်ငန်းပြီးစီးမှုနှင့် တိုးတက်မှုတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တံတားလုပ်ငန်းတိုးတက်မှုတို့ကို Video Clip ဖြင့် ပြသသည်။
ထို့နောက် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁၀)မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမြင့်ဝင်းက ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်၊ ကျွဲပွဲ - မြို့စိုး - ဇရပ်ကြီးလမ်းပေါ်ရှိ အရှည်(၁၂၀၀)ပေ စစ်တောင်းမြစ်ကူးတံတား (မြို့စိုး) တည်ဆောက်နေမှု အခြေအနေကိုလည်းကောင်း၊ ဖြူးမြို့နယ် ဖြူး- အုတ်ဖြတ်- မုန်းလမ်းပေါ်ရှိ အရှည်ပေ(၆၂၀) စစ်တောင်းတံတား(အုတ်ဖြတ်) တည်ဆောက်နေမှုတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တံတားလုပ်ငန်းတိုးတက်မှုတို့ကို Video Clip ဖြင့် ပြသသည်။
ယင်းနောက် မွန်ပြည်နယ် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကြည်သွင်ဦးက ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အလိုက် ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေဖြင့် မွန်ပြည်နယ်အတွင်း ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေကို လည်းကောင်း၊ B.O.T စနစ်ဖြင့် ဆောင်ရွက်သော ဘုရားကြီး- မော်လမြိုင်- ထားဝယ်- မြိတ်- ဘုတ်ပြင်း- ကော့သောင်းလမ်းအပိုင်းတွင် ကတ္တရာကွန်ကရစ် ထပ်ပိုးလွှာခင်းခြင်း၊ သံကူကွန်ကရစ်တံတားများ တည်ဆောက်နေမှု အခြေအနေကို လည်းကောင်း၊ နိုင်ငံတကာ ဆက်သွယ်ရေးလမ်းဖြစ်သော သက္ကော(သံဖြူဇရပ်)- ဘုရားသုံးဆူလမ်း အပိုင်းအား မြေသားလမ်း ဖောက်လုပ်ခြင်း၊ ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ စံပယ်ဂူတံတား ချဉ်းကပ်လမ်း (၆)မိုင်ကျော်အား ပေ (၄၀) အကျယ် မြေသားတာဘောင်ပြုလုပ်ခြင်း၊ (၂၄)ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်းနှင့် တံတားတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ (၄)နှစ်တာကာလအတွင်း လုပ်ငန်းတိုးတက်မှု အခြေအနေ၊ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ လှူဒါန်းထောက်ပံ့မှုတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မွန်ပြည်နယ်အတွင်းရှိ လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းတိုးတက်မှုတို့ကို Video Clip ဖြင့် ပြသသည်။
ထို့နောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးလှမျိုးဝင်းက မွန်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော လမ်း/တံတားလုပ်ငန်းများနှင့် Pilot Project ဖြင့် ဆောင်ရွက်သော လုပ်ငန်းများကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး လုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှုတို့ကို Video Clip ဖြင့် ပြသသည်။
ယင်းနောက် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁၄)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်မိုးလွင်က အတ္ထရံမြစ်ကူး(စံပယ်ဂူ) တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် အရည်အသွေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြပြီး တံတားလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် တိုးတက်မှုကို Video Clip ဖြင့် ပြသသည်။
ထို့နောက် အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၁၃)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးစိုးဝင်းက ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်အတွင်းရှိ ဆောင်ရွက်လျက်ရှိသော အဆောက်အဦစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လုပ်ငန်းတိုးတက်မှုတို့ကို Video Clip ဖြင့် ပြသသည်။
ယင်းနောက် မွန်ပြည်နယ်၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ထားထားစိုးက မွန်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော အိမ်ရာစီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လုပ်ငန်းများသတ်မှတ် စံချိန်စံညွှန်းနှင့်အညီ ပြီးစီးရေး အလေးထားဆောင်ရွက်ရန် မှာကြားလိုပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် B.O.T စနစ်ဖြင့် ဆောင်ရွက်သော လမ်းအပိုင်းများ အရည်အသွေး ကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ တံတားလုပ်ငန်းများနှင့် ချဉ်းကပ်လမ်းလုပ်ငန်းများ စတင်ဆောင်ရွက်စဉ်ကပင် စံချိန်စံညွှန်း ပြည့်မီရန်လိုပါကြောင်း၊ ကျေးလက်နေပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေစေရန် ကျေးလက်လမ်း/တံတားများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်


