နေပြည်တော် ၃ သြဂုတ် 


ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့နံနက်ပိုင်းတွင် Oriental Highway Co,. Ltd မှ BOT စနစ်ဖြင့် ဆောင်ရွက်နေသောမန္တလေး - ပြင်ဦးလွင် - လားရှိုး - မူဆယ်လမ်း (မန္တလေး - ပြင်ဦးလွင် - လားရှိုး) အပိုင်းလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကိုလမ်း တစ်လျှောက်ကြည့်ရှုစစ်ဆေးပြီး ဂုတ်ထိပ်တံတား သစ်တည်ဆောက်မည့် လျာထားနေရာသို့ ရောက်ရှိသည်။
    

ယာယီရှင်းလင်းဆောင်တွင် Oriental Highway Co,.Ltdမှ တာဝန်ရှိသူက ဂုတ်ထိပ်တံတားသစ် တည်ဆောက်မည့် လျာထားနေရာရွေးချယ်ထားရှိမှု၊ တံတားတည်ဆောက်မည့် လုပ်ငန်းစီမံချက်၊ တံတားချဉ်းကပ်လမ်းဖောက်လုပ်မည့် လုပ်ငန်းအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်၍ မြေပုံကားချပ်ဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တံတားချဉ်းကပ်လမ်းဖောက်လုပ်ရာတွင် ဒေသခံပြည်သူများသွား လာရေးလွယ်ကူအဆင်ပြေစေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအားမှာကြားပြီး တံတားလျာထားနေရာအား ကြည့်ရှုစစ်ဆေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နောင်ချိုမြို့နယ်၊ကုန်းစံကျေးရွာရှိ အခြေခံ ပညာမူလတန်းလွန်ကျောင်းမှကျောင်းသား/ကျောင်းသူများအား ကျောင်းဝတ်စုံကျောပိုးအိပ်နှင့် မိုးကာအင်္ကျီများ ထောက်ပံ့လှူဒါန်းသည်။
    

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သော ကျွဲကုန်း- နားပြိန်း- နောင်ကွမ်- ပုံဝိုးကျေးလက်လမ်းသို့ ရောက်ရှိပြီး လမ်းစခန်းယာယီရှင်းလင်းဆောင်တွင် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးခင်မောင်သန်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရှေ့ပြေးစီမံကိန်း (Pilot Project) ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ သွားလာရေးလွယ်ကူအဆင်ပြေစေရေး ဦးစားပေးဆောင်ရွက်ရန်၊ လမ်းအင်္ဂါရပ်နှင့် အညီအရည်အသွေး စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။ 


အရှည်(၂၄)မိုင်(၄)ဖာလုံရှိ ကျွဲကုန်း- နားပြိန်း- နောင်ကွမ်- ပုံဝိုးလမ်းကြီးပြီးစီးသွားပါက လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ကျေးရွာအုပ်စု (၅)အုပ်စု၊ ကျေးရွာပေါင်း(၁၅)ရွာ၊ အိမ်ခြေ(၁၄၃၅)အိမ်၊ လူဦးရေ(၆၈၈၅)ဦးကို အကျိုးပြုမှာဖြစ်ပြီး၊ ဒေသခံပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။  


သတင်းစဉ်