နေပြည်တော် ၂ ဖေဖော်ဝါရီ
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် - မန္တလေးအမြန်လမ်း (ရန်ကုန် - နေပြည်တော်အပိုင်း) ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို လမ်းတစ်လျှောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုင်တိုင် (၆၃/၅ မှ ၆၉/၄) အတွင်း ကတ္တရာ ကွန်ကရစ်ခင်းနေမှုနှင့် မိုင်တိုင် (၇၆)မိုင်တွင် သတ်မှတ်လမ်းအင်္ဂါရပ်နှင့်အညီ ဆောင်ရွက်ရန် လုပ်ငန်းအစီအမံများကို တာဝန်ရှိသူများအား မှာကြားသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ရန်ကုန် - မန္တလေးအမြန်လမ်း (ရန်ကုန်-နေပြည်တော်အပိုင်း) မိုင်တိုင်အမှတ် (၁၄၅/ဝ နှင့် ၁၄၅/၃)ကြားတွင် တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၉)မှ အရှည် ပေ (၉၉၀) ခပေါင်းတံတား၏ ကြံ့ခိုင်မှုနှင့် တံတား အထက်/အောက် ကမ်းပြိုကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုင်တိုင်အမှတ် (၁၆၅/၁ နှင့် ၁၆၅/၃) ကြားရှိ ဆွာချောင်းတံတား ကြံ့ခိုင်မှုအခြေအနေနှင့် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ မိုင်တိုင်အမှတ် (၁၈၁/၁ မှ ၁၈၉/၅) အတွင်း စက်ယန္တရားများဖြင့် ကတ္တရာကွန်ကရစ်ခင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကတ္တရာကွန်ကရစ်ခင်းရာတွင် သတ်မှတ် စံချိန်စံညွှန်းပြည့်မီရေး၊ လုပ်ငန်းဆောင်ရွက်နေစဉ် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အထူးဂရုပြုဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)