ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ရန်ကုန် - ပုသိမ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပုသိမ်တံတားအမှတ် (၂) တည်ဆောက်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၃ ဒီဇင်ဘာ

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့နံနက်ပိုင်း တွင် ရန်ကုန် - ပုသိမ်လမ်း (ရန်ကုန်တိုင်းဒေသကြီးအပိုင်း) အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန် - ပုသိမ်လမ်း (ရန်ကုန်တိုင်းဒေသကြီးအပိုင်း) မိုင်တိုင် ၅/၄ မှ ၁၇/၄ အထိ Oriental Highway Co., Ltd မှ စက်ယန္တရားများဖြင့် လမ်းချဲ့ခြင်း၊ လမ်းသား အမာခံရရှိအောင် ခင်းကြိတ်ခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မိုင်တိုင်အမှတ်  (၁၀/၄ နှင့် ၁၀/၅ ) အကြား၌ lime Stabilized Mix Design  နည်းပညာဖြင့် လမ်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

‌ေ

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန် - ပုသိမ်လမ်း (ဧရာဝတီတိုင်းဒေသကြီး အပိုင်း) မိုင်တိုင်အမှတ် ၁၇/၄ မှ ၂၄/၄ အထိ လမ်းချဲ့ခြင်း၊ လမ်းသားအမာခံရရှိအောင် ခင်းကြိတ်နေမှုနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရန်ကုန် - ပုသိမ်လမ်းအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်နေသည့် လုပ်ငန်း စီမံချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ လမ်းလွှာဒီဇိုင်း ထုတ်ခြင်း၊ ဓာတ်ခွဲခန်းအရောပုံစံထုတ်ခြင်းနှင့် အရည်အသွေး ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ရန်ကုန် - ပုသိမ် လမ်းမကြီးသည် အရေးကြီးသည့် လမ်းတစ်လမ်းဖြစ်ပြီး လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်လမ်းဒီဇိုင်းအတိုင်းဆောင်ရွက်ရန်လိုအပ်၍ အရည်အသွေးထိန်းသိမ်းရေးအဖွဲ့မှ အနီးကပ်ကြီးကြပ်ပေးရန် လိုအပ်ကြောင်း၊ ကွန်ကရစ်လမ်းအမျိုးအစားသည် ပျက်စီးသွားပါက ပြင်ရန်ခက်ခဲသည့်အတွက် လုပ်ငန်းစတင်ဆောင်ရွက်စဉ် အရည်အသွေးပြည့်မီရန် လိုအပ် ကြောင်း၊ လုပ်ငန်းဆောင်ရွက်နေစဉ် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကို အထူးအလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။ 

 

‌ေ

 

ထို့နောက် တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁၆)မှ တာဝန်ယူတည်ဆောက်နေ သော ပုသိမ်တံတားအမှတ်(၂) တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင်၌ တံတားချဉ်းကပ်တိုင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် Girder တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက် သွားမည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကိုမှာကြားသည်။

ပုသိမ်တံတားအမှတ်(၂) သည် ငဝန်မြစ်ကို ဖြတ်ကျော်ကာ ပုသိမ်မြို့တွင်းနှင့် ငဝန်မြစ် အနောက်ဘက်ကမ်း စိန်ကုန်းလူနေရပ်ကွက်များသို့ တိုက်ရိုက်ဆက်သွယ်ထားပြီး စုစုပေါင်း တံတားအရှည်ပေ ၂၃၈၀ ၊ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ ၊ လူသွားလမ်းတစ်ဘက်လျှင် (၅)ပေစီပါရှိပြီး ရေလမ်းကင်းလွတ်အကျယ် ၄၁၆ ပေနှင့် အမြင့်ပေ ၆၀ ပေရှိ၍ တံတား အမျိုးအစားမှာ သံမဏိသံပေါင် ခုံးတံတားဖြစ်ကာ တံတား၏ခံနိုင်ဝန်မှာ HS 25 Load Class ဖြစ်သည်။ 

 

‌ေ

 

အဆိုပါ တံတားပြီးစီးပါက ပုသိမ်မြို့၏ Land Mark တစ်ခုအဖြစ်တည်ရှိပြီး ပုသိမ်မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ငဝန်မြစ်အနောက်ဘက်ကမ်းမှ ဒေသခံပြည်သူများ ကူးလူးဆက်သွယ်သွားလာမှု လွယ်ကူလျင်မြန်လာမည့်အပြင် ငွေဆောင်၊ ချောင်းသာနှင့် ရွှေသောင်ယံ ကမ်းခြေအပါအဝင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် ပင်လယ် ကမ်းခြေပတ်လမ်းတို့ကို ချိတ်ဆက်သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ် - ကံကုန်း - မြင်းကဆိပ် - မြောင်းမြ လမ်းအခြေအနေကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။

(သတင်းစဉ်)