နေပြည်တော် ၉ နိုဝင်ဘာ

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်တိုးချဲ့(၇)ထပ်ဆောင် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းဆောင်တွင် ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဇော်က အဆင့်မြင့်တိုးချဲ့(၇)ထပ်ဆောင် ဆောက်လုပ်ခဲ့မှု၊ အဆောက်အဦတွင် ဓာတ်မှန်၊ ပုံရိပ်ဖော်ရောဂါ ရှာဖွေရေးဌာန၊ ရောဂါဗေဒဌာန၊ ဆေးကုသဆောင်များ၊ သီးသန့် လူနာဆောင်များ၊ ဆေးပညာသင်ကြား ခန်းမများ ပါဝင်ထည့်သွင်းဆောင်ရွက်ထားရှိမှု၊ လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို မှတ်တမ်းဓာတ်ပုံများနှင့်တကွ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ညွှန်ကြားရေးမှူး(လျှပ်စစ်)ဦးကြည်လှိုင်ဝင်းက ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အဆင့်မြင့် (၇)ထပ်ဆောင်သစ်ကြီး လျှပ်စစ်ပိုင်းဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ရန်ကုန် ဆေးရုံကြီး အဆောင်(၁၂)ခု၏ လျှပ်စစ်ဝါယာကြိုးများ Breaker များ၊   Fuse များနှင့် Switch Socket များ လဲလှယ်ခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ ညွှန်ကြားရေးမှူး(ရေသန့်) ဦးရဲမြင့်က ရေသန့် ပိုင်းဆိုင်ရာလုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများကို အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်ရန်လိုပါကြောင်း၊ ဆေးရုံအင်္ဂါရပ်နှင့်အညီ စနစ်တကျ ဆောင်ရွက်ရန် လိုပါကြောင်း၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အထူးအလေးထား ဆောင်ရွက်ရန်နှင့်ဆေးရုံ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် 5th Floor နှင့် 6th Floor တွင် Column 35 Nos ကွန်ကရစ်လောင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)

 

IMG_20