နေပြည်တော် ၁၄   ဇွန်

ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်း၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်၊ အဆောက်အအုံ၊ လမ်း၊ တံတားနှင့် မြိုပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ  ဆောက်လုပ်ရေးဝန်ကြီးဌာန  အစည်းအဝေးခန်းမဆောင်မှ Video Conferencing ဖြင့်  ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အဆောက်အအုံ၊ လမ်း၊ တံတား၊ မြို့ပြအိမ်ရာကဏ္ဍ ဖွံ့ဖြိုးရေးနှင့် ကျေးလက်လမ်း / တံတားများ တိုးတက်မှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား  လုပ်ငန်း လိုအပ်ချက်များ မှာကြားသည်။

 

ရှေးဦးစွာ တံတားဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုနှင့် Contractor ကုမ္မဏီမှ တာဝန်ရှိသူတို့က ကိုရီးယား - မြန်မာချစ်ကြည်ရေး (ဒလ) တံတားတည်ဆောက်ရေးလုပ်ငန်း၊ ရန်ကုန်ဘက်ခြမ်းနှင့် ဒလဘက်ခြမ်း ချဉ်းကပ်တံတားတိုင် လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရေလယ်ပင်မတံတား ဘိုးပိုင်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမရှိရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍  Power  Point ဖြင့် ရှင်းလင်းတင်ပြပြီး ကိုရီးယား - မြန်မာချစ်ကြည်ရေး (ဒလ) တံတားလုပ်ငန်း ဆောင်ရွက်ချက်များနှင့် တိုးတက်မှု အခြေအနေတို့ကို  Video  Clip  ဖြင့်ပြသသည်။

 

mdn

 

ထို့နောက် တံတားဦးစီးဌာန၊ အင်ဂျင်နီယာချုပ် ဦးကျော်လင်းနှင့် တာဝန်ရှိသူတို့က  ပဲခူးမြစ်ကူး သန်လျင်တံတားအမှတ် (၃) တည်ဆောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ သန်လျင်ဘက်ခြမ်းနှင့် သာကေတ ဘက်ခြမ်းတို့တွင် တံတားတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ရေလယ်တိုင် ဘိုးပိုင်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို  Power   Point ဖြင့် ရှင်းလင်းတင်ပြပြီး လုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်ငန်း တိုးတက်မှု အခြေအနေတို့ကို Video Clip ဖြင့် ပြသသည်။

  

ထို့ပြင် တံတားဦးစီးဌာန ၊ တံတားအထူးအဖွဲ့ (၁၀) မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးမျိုးသက်ထွန်းက ပဲခူးမြစ်ကူးတံတား (ဒါးပိန် - သပြု ) တံတား တည်ဆောက်ရေးလုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး လုပ်ငန်းဆောင်ရွက်နေမှုနှင့် တိုးတက်မှုအခြေအနေတို့ကို Video  Clip ဖြင့် ပြသသည်။

 

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးထင်ကျော်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ဆောင်ရွက်လျှက်ရှိသော လမ်း၊ တံတား အခြေအနေကိုလည်းကောင်း၊ ခရိုင်( ၄ )ဖွဲ့နှင့် အထူးအဖွဲ့ ( ၃ ) ဖွဲ့တို့ဖြင့် လုပ်ငန်း ဆောင်ရွက်ချက်များနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေကိုလည်းကောင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု တို့ကိုလည်းကောင်း  Power  Point ဖြင့် ရှင်းလင်းတင်ပြပြီး လုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေတို့ကို Video  Clip ဖြင့် ပြသသည် ။

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်း ဖွံဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြိုပြ) ဉီးသက်ဇော်က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဉက္ကံ - သကြားစက် (တဘူးလှဆည်လမ်း) ကျေးရွာချင်းဆက်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ၊ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မိုင်တိုင် ၀/၀ မိုင်မှ ၅ / ၀ မိုင်ထိ ပျက်စီးနေသော ကတ္တရာလမ်းအား ကတ္တရာထပ်ပိုးလွှာ ခင်းခြင်း၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် ၅/၂ မိုင်မှ ၁၂ /၂ မိုင်အတွင်း ကွန်ကရစ် လမ်းခင်းခြင်း (၇) မိုင်နှင့် ကတ္တရာခင်းခြင်း (၀/၅)မိုင် ဆောင်ရွက်ထားရှိမှု ၊ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံ ငွေဖြင့် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း အပြီးသတ် ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ဖရုံလမ်းခွဲ - အဇန်းတောစွန်း - ပင်လယ် ချောင်ကျေးရွာ ချင်းဆက်လမ်းအား ၂၀၁၈-၂၀၁၉၊ ၂၀၁၉-၂၀၂၀ နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြပြီး လုပ်ငန်းဆောင်ရွက်နေမှုနှင့် တိုးတက်မှု အခြေအနေတို့ကို video clip ဖြင့် ပြသသည်။

 

mdn

  

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆောင်ရွက်ပြီးစီးသည့် အိမ်ရာစီမံကိန်း လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

 

ထို့နောက် အဆောက်အအုံ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကိုကိုအေးက ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆောင်ရွက်လျှက်ရှိသည့် မြောက်ဥက္ကလာပမြို့နယ်  ပြည်သူ့ဆေးရုံကြီးတည်ဆောက်ခြင်း စီမံကိန်း၊ တောင်ဥက္ကလာပမြို့နယ်  ပြည်သူ့ဆေးရုံတိုးချဲ့ (၄) ထပ် ဆောင်တည်ဆောက်နေမှု၊ သမဝါယမ တက္ကသိုလ် (သန်လျင်)  ဘက်စုံသုံးခန်းမ  တည်ဆောက်ခြင်း   လုပ်ငန်းဆောင်ရွက်နေမှု၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး အဆင့်မြင့် (၇) ထပ်ဆောင် တည်ဆောက်ပြီးစီးမှု၊ ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် တက္ကသိုလ် ဓမ္မာရုံကြီးပြင်ဆင် ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှုတို့ကို လည်းကောင်း။

  

ဆက်လက်၍ ကြည့်မြင်တိုင် အရိုးရောဂါကု ဆေးရုံတိုးချဲ့ ( ၅ ) ထပ်ဆောင် တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ဒဂုံဆိပ်ကမ်း ဆေးရုံတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ရန်ကုန်မြို့ပေါ်ရှိ ကျန်းမာရေး ဝန်ထမ်းများ နေထိုင်ရန် လူပျို / အပျိုဆောင် (၈) ထပ် တည်ဆောက်ပြီးစီးမှု၊ လှိုင်သာယာမြို့နယ်၊ ပြည်သူ့ဆေးရုံတိုးချဲ့ ( ၄ ) ထပ်ဆောင် တည်ဆောက်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း Power Pointဖြင့် ရှင်းလင်းတင်ပြပြီး လုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်ငန်း တိုးတက်မှုအခြေအနေတို့ကို Video Clip ဖြင့် တင်ပြသည်။

  

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ရန်ကုန်တိုင်းဒေသကြီးအတွင်း အဆောက်အအုံ၊ လမ်း၊ တံတား၊ မြို့ပြအိမ်ရာကဏ္ဍနှင့် ကျေးလက်လမ်း/ တံတားများ ကဏ္ဍအလိုက် တိုးတက်လာပါကြောင်း၊ ကိုရီးယား - မြန်မာချစ်ကြည်ရေး (ဒလ) တံတားသည် ရန်ကုန်မြို့လယ်နှင့် ဒလမြို့ လူနေရပ်ကွက်တို့ကို ဆက်သွယ် တည်ဆောက်နေသည့်အတွက် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ရေကြောင်းသွား သင်္ဘောများအန္တရာယ် ကင်းရှင်းစေရန် သတိပေးအမှတ်အသားများ ထားရှိဆောင်ရွက်ရန် လိုပါကြောင်း၊ တံတားကြီး ပြီးစီးသွားပါက ရန်ကုန်မြို့နှင့် ဒလမြို့တို့ကို အလွယ်တကူ ဆက်သွယ်သွားလာနိုင်မှာ ဖြစ်ပါကြောင်း၊ အလားတူ ပဲခူးမြစ်ကူးတံတား သန်လျင်တံတားအမှတ်(၃) တည်ဆောက်ပြီးစီးပါက ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှုကို တစ်ဖက်တစ်လမ်းမှ ဖြေလျော့ပေးနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာ အဆင့်မီ တည်ဆောက်ထားသော သန်လျင် - သီလဝါအထူး စီးပွာရေးဇုန်ကို ဆက်သွယ်သည့် လမ်းမကြီး ပြီးစီးခဲ့သည့်အတွက် သွားရေးလာရေးလွယ်ကူ အဆင်ပြေပါကြောင်း၊  လုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ သတ်မှတ် အချိန်မီပြီးစီးရေး အထူးအလေးထား ဆောင်ရွက်ရန်တို့ကိုမှာ ကြားသည်။

 

(သတင်းစဉ်)