နေပြည်တော်  ၆  ဇန်နဝါရီ 

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ သာယာကုန်းစခန်းကြီး ကျေးရွာအုပ်စု၊ ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး ဝဲ/ယာ မိုင်တိုင်အမှတ် (၃/၀) နှင့် (၅/၄) ကြားရှိ Eco - Green City စီမံကိန်းသို့ရောက်ရှိပြီး လုပ်ငန်းခွင်ရှင်းလင်းဆောင်တွင် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က စီမံကိန်းဆောင်ရွက်မည့် အခြေအနေ၊ စီမံကိန်းမျှော်မှန်းချက်၊ မြေအသုံးချမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

 

222 IMG_20190106

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက Eco - Green City စီမံကိန်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့ အဝင်တွင် တည်ရှိသည့် အတွက်လုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်ရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားပြီး စီမံကိန်းဧရိယာအတွင်း ကြည့်ရှုစစ်ဆေးသည်။

 

ယခုဆောင်ရွက်မည့် Eco - Green City စီမံကိန်းကို အပိုင်း (၃) ပိုင်းခွဲ၍ ဆောင်ရွက်သွားမှာဖြစ်ပြီး စီမံကိန်း မျှော်မှန်းချက်အနေဖြင့် JICA မှ ရေးဆွဲခဲ့သည့် Yangon Vision (2040) တွင် ပါဝင်သည့် အနာဂတ်မြို့သစ်စီမံကိန်း တစ်ခုအကောင် အထည်ဖော်ရန်၊ ဝင်ငွေနည်းပြည်သူများအတွက် လိုအပ်သည့် အငှားအိမ်ရာများ၊ တန်ဖိုးနည်းအိမ်ရာများ ဖြည့်ဆည်းပေးနိုင်ရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရှိ၍ လူမှုဘဝမြင့်မားလာစေရန် မျှော်မှန်းချက် ထားရှိပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

 

333 IMG_20190106_162527

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးအမြန် လမ်း(ရန် ကုန်-နေပြည်တော်အပိုင်း) ပြုပြင်ထိန်းသိမ်းထားရှိမှု အခြေအနေကိုလည်းကောင်း၊ မိုင်တိုင် အမှတ်(၃၇/၁) နှင့် (၃၇/၂)ကြားရှိ စစ်ပင်ဆိပ်တံတား (အသွား/အပြန်)တွင် တံတားတိုင်များ ရေတိုက်စားမှုအား ကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် တံတားဦးစီးဌာန၊ တံတားဆောက်လုပ်ရေးစီမံကိန်းအထူးအဖွဲ့(၉)မှ မိုင်တိုင်အမှတ်(၁၄၅/၀) နှင့် (၁၄၅/၃) ကြားရှိ ခပေါင်းတံတား အား Pilot Canal တူးဖော်ခြင်း၊ ကမ်းပြိုကာကွယ်ခြင်းနှင့် တံတား အထက်/အောက် ကမ်းထိန်း လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ တံတားတည်ဆောက်ရေးအဖွဲ့ (၃)မှ မိုင်တိုင်အမှတ်(၁၆၅/၁)နှင့် (၁၆၅/၃)ကြားရှိ ဆွာချောင်းတံတား ရေတိုက်စား၍ Settlement ဖြစ်သွားသော Pier No. 5 , 6 , 7 တို့အား Bored Pile တူး၍ အားဖြည့်ခြင်း နိမ့်ဆင်းသွားသော ကြမ်းခင်းနှင့် ယက်မများကို ပြန်လည်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရှိရသည်။  

 

(သတင်းစဉ်)

 

444 IMG_20190106_1