နေပြည်တော်    ၂၁   အောက်တိုဘာ

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Community Road Empowerment (CORE) တို့ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော ကျေးလက်လမ်းများ ပြုပြင်ထိန်းသိမ်းရေးစီမံချက်လုပ်ငန်းများနှင့် စပ်လျဉ်း၍ အသိပေးရှင်းလင်း တင်ပြခြင်းနှင့် “ရပ်ရွာလူထုပါဝင်မှုဖြင့် ကျေးလက်လမ်းများ ဖွံ့ဖြိုးရေး ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ မန်းမြန်မာ ဟိုတယ်၌ ကျင်းပသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်လမ်း မိုင် ၈၈၈၁၁ ကီလိုမီတာနှင့် တံတား ၂၄၁၈၃ စင်းကို တာဝန်ယူတည် ဆောက်ထိန်းသိမ်းလျှက်ရှိပြီး ကျေးလက်လမ်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ၊ မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များ ရေးဆွဲ ဆောင်ရွက်လျှက်ရှိ ကြောင်း၊ မဟာဗျူဟာရေးဆွဲရာတွင် လုပ်ငန်းအကောင်အထည်ဖော်မှုသာမက လုပ်ငန်း အရည် အသွေးစစ်ဆေးခြင်း၊ သုံးသပ်ခြင်းနှင့်သုတေသနလုပ်ငန်းရပ်များ ထည့်သွင်းရေး ဆွဲထားပါကြောင်း၊ ကျေးလက်လမ်းများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ် ၃၂၅ ဘီလီယံဖြင့် စုစုပေါင်း ကျေးလက်လမ်းအရှည် ကီလိုမီတာ (၄၅၄၀) ကို အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ပြီး ကျေးလက်တံတား (၁၄၉၈) စင်းကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

 

နိုင်ငံအတွင်း ကျေးလက် လမ်း၊ တံတား ၊ တည်ဆောက်ပြုပြင်ရေးလုပ်ငန်း ပမာဏ များပြားသည့်အတွက် ဝန်ကြီးဌာနနှင့် အခြားသက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဂျာမနီ နိုင်ငံ ဂျာမန် ဖွံ့ဖြိးရေးဘဏ် (KfW) ၊ Re CAP, JIP , JICA , CORE အဖွဲ့အစည်းတို့နှင့် အတူလက်တွဲ ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း၊ ကျေးလက်ဒေသတွင်ရှိသော ဒေသခံလူထုအနေဖြင့် စီမံကိန်းအစီအစဉ်များတွင် ပါဝင်ဆောင်ရွက်မှုများပြုလုပ်ရန် လိုအပ်ပြီး လမ်းပြုပြင်ထိန်း သိမ်းရေး အသိပညာ ဗဟုသုတများအပြင် ရပ်ရွာလူထုက ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်း များတွင် ပါဝင်၍ ကျေးလက်လမ်းများကို ဆက်လက်ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ ဒေသတွင်းပစ္စည်းများကို အသုံးပြုခြင်းအားဖြင့် အရည်အသွေး ကောင်းမွန်ပြီး ကုန်ကျ စရိတ်လျော့ချနိုင်မည်ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် ကျေးရွာလူထုပူးပေါင်း ပါဝင်မှုနှင့်အတူ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သို့မည်ပုံဖြေရှင်း ရမည်ကို ဆွေးနွေးကြရန်လိုကြောင်း ပြောကြားသည်။

 

ထို့နောက် ဂျပန်နိုင်ငံ Community Road Empowerment မှ Chief Director  Mr. Makoto Kimura က အမှာစကားပြောကြားပြီး နိုင်ငံတကာအဖွဲ့အစည်းများမှ နည်းပညာရှင်များ ၊ ပညာရှင်များနှင့် စာတမ်းရှင်များက သက်ဆိုင်ရာခေါင်းစဉ်အလိုက် စာတမ်းများကို ဖတ်ကြားဆွေးနွေးကြသည်။

 

(သတင်းစဉ်)