နေပြည်တော် ၂၅ အောက်တိုဘာ
ကိုရီးယားသမ္မတနိုင်ငံ Yojin Myanmar Cement Co., Ltd နှင့် ရန်ကုန်မြို့ရှိ ကိုရီးယားနိုင်ငံ သံရုံးတို့ ပူးတွဲကျင်းပသည့် Slag Cement နည်းပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကို ယနေ့ ညနေ ၄ နာရီတွင် ရန်ကုန်မြို့ရှိ Lottee Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် Yojin Myanmar Cement မှ MD Mr. Kim Jong Sik က အမှာစကားပြောကြားသည်။

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က အစိုးရ အနေဖြင့် နိုင်ငံတော်၏ လူမှုရစီးပွားဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသည့် အခြေခံအဆောက် အဦကဏ္ဍ တိုးတက်ကောင်းမွန်အောင် အလေးအနက်ထား ဆောင်ရွက်လျက်ရှိရာ နိုင်ငံသား များ ကောင်းမွန်သော လူနေမှုအဆင့်အတန်းနှင့်အညီ နေထိုင်ခွင့်ရရှိနိုင်ရန်၊ ကူးသန်းသွား လာမှုစရိတ်နှင့် အချိန်ကုန်သက်သာစေရန် ဝန်ကြီးဌာနသည် လိုအပ်သော နည်းပညာနှင့် ကျွမ်းကျင်မှုများကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်လျက်ရှိပါကြောင်း၊ ထို့ပြင် စက်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအရ လိုအပ်မည့် အထပ်မြင့်အဆောက်အဦများ နှင့် ကြီးမားသော အဆောက်အဦများ တည်ဆောက်ရာတွင် ရာသီဉတုအခြေအနေကို ထည့်သွင်းစဉ်းစားထားသော ကိုရီးယားအထူးဘိလပ်မြေ အမျိုးအစားသည် နိုင်ငံ၏ အခြေခံ အဆောက်အဦများ တည်ဆောက်ရေးတွင် အဓိကကဏ္ဍမှ ပါဝင်လာမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာအဆင့်မီ စီမံကိန်းကြီးများ အကောင်အထည်ဖော် တည်ဆောက်ရာတွင် မြန်မာ အင်ဂျင်နီယာများအနေဖြင့် အဆင့်မြင့်နည်းပညာများကို အသုံးပြု၍ ပုံစံထုတ်လုပ်ခြင်းနှင့် ကြီးကြပ်ခြင်းများကိုလေ့လာပြီး အနာဂတ်ကာလ တည်ဆောက်ရေးလုပ်ငန်းများတွင် ပြန်လည်အသုံးချနိုင်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆန်ဟွာနှင့် Yojin Group မှ Vice Chairman Mr. Choi Eun Sang တို့က ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားကြသည်။
ထို့နောက် စာတမ်းရှင်များနှင့် ကျွမ်းကျင်ပညာရှင်များက ဘိလပ်မြေအသုံးပြုမှုဆိုင်ရာ စာတမ်းများကို ဖတ်ကြားဆွေးနွေးပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့်များကို ပြန်လည်ဖြေကြားကြသည်။
အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် တာဝန် ရှိသူများ၊ ကိုရီးယားနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။
(သတင်းစဉ်)


