နေပြည်တော်  ၂၁  ဧပြီ

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်း၊ အမြဲတမ်း အတွင်းဝန်နှင့် ဌာနမှ အကြီးအကဲများသည် ယနေ့ နံနက် ()နာရီတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး/ပြည်နယ်များမှ တာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် Video Conferencing ဖြင့် ညှိနှိုင်းအစည်း အဝေးပြုလုပ်သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူများအတွက် သွားလာရေး လွယ်ကူအဆင်ပြေစေရန် အလေးထား ဆောင်ရွက်လျက်ရှိရာ မိမိတို့တာဝန်ယူ ဆောင်ရွက်နေသော လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ရန်လိုပါကြောင်း၊ တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းများသည် သတ်မှတ် အချိန်မီပြီးစီးရေးအတွက် ရပ်တန့်ထား၍ မရပါကြောင်း၊ သို့ပါသော်လည်း ယခုအခါ တစ်နိုင်ငံလုံးရှိ စီမံကိန်း လုပ်ငန်းခွင်များမှ အလုပ်လုပ်နေသော လုပ်သားများနှင့် ဝန်ထမ်းများအား လက်ရှိ မြန်မာနိုင်ငံတွင် ခံစားနေရသော Coronavirus Disease 2019 (COVID–19) ရောဂါနှင့် ပတ်သက်၍ အသိပညာများ ပေးသွားကြရန် လိုပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ လတ်တလော ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်သွားကြရန် လိုပါကြောင်း၊ ပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေရေး တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်တံ့မသွားစေရေး မိမိတာဝန်ယူ ဆောင်ရွက်သောလုပ်ငန်းများ စီမံချက်ချ ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်သားများ ဝန်ထမ်းများ လုပ်ငန်းခွင်ကို စွန့်ခွာသွားမှုများ ဖြစ်ပေါ်ပါက ဌာနပိုင်စက်၊ ယာဉ်၊ ယန္တရားများနှင့် လုပ်ငန်းခွင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ကြိုတင်စီမံဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း  မှာကြားသည်။

 

mdn

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက လုပ်ငန်းများကို ကိုဗစ်-၁၉ ကာလအတွင်း သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ်အစိုးရအဖွဲ့များ၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးရန်နှင့် တိုင်းဒေသကြီး / ပြည်နယ် ညွှန်ကြားရေးမှူးများ အနေဖြင့် ကိုဗစ်-၁၉ ဖြစ်ပေါ်နေသည့်အချိန်တွင် ပြည်သူများအတွက် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားပြီး ယခုအချိန်ကာလအတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံ များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် အမြဲတမ်းအတွင်းဝန်၊ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် တင်ပြဆွေးနွေးကြသည်။

 

ထို့နောက် တိုင်းဒေသကြီး / ပြည်နယ် တာဝန်ခံ ညွှန်ကြားရေးမှူးများက မိမိတို့ တိုင်းဒေသကြီး / ပြည်နယ်များအလိုက် Coronavirus Disease 2019 (COVID-19) နှင့် ပတ်သက်၍ စီမံဆောင်ရွက်ထားမှု အခြေအနေ၊ လုပ်ငန်းစီမံချက်နှင့် ပြီးစီးမှု အခြေအနေများနှင့်  ကြုံတွေ့နေရသော အခက်အခဲများအား ပြန်လည်ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များမှ ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် တာဝန်ခံများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်သွားရန်နှင့် ပြည်သူများအတွက် လိုအပ်သော အကူအညီများပေးရန် မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်