နေပြည်တော် ၃၁ ဒီဇင်ဘာ 

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် တနင်္သာရီတိုင်းဒေသကြီး၊ လျှပ်စစ်စွမ်းအင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူရနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မြိတ်-တနင်္သာရီလမ်းအပိုင်း အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

 

20219

 

ယင်းနောက် ပြည်ထောင်စုလမ်းမကြီးနှင့် ချိတ်ဆက်သည့် မင်းသန်း-မောင်းလှော် ကျေးရွာ ချင်းဆက်လမ်းပေါ်တွင် တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၄)မှ တာဝန်ယူတည်ဆောက်နေသော မင်းသန်း-မောင်းလှော်တံတား တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ရောက်ရှိရာ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မျိုးထွန်းက တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ တည်ဆောက်ရေးလုပ်ငန်းစဉ် အဆင့်ဆင့် အရည်အသွေးစစ်ဆေးခြင်း၊ ဘေးအန္တရာယ် ကင်းရှင်းရေး စီမံခန့်ခွဲမှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေတို့ကို  Power Point ဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားပြီး ရှင်းလင်းဆောင်ရှုရပ်မှ တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

 

20240

 

မင်းသန်း-မောင်းလှော်တံတားသည် အရှည်ပေ(၂၁၀၀)ရှိပြီး တံတားကြီးပြီးစီးသွားပါက ကျွန်းစုမြို့နယ် ကျေးရွာ(၁၄)ရွာနှင့် တနင်္သာရီမြို့နယ် ကျေးရွာ(၁)ရွာ စုစုပေါင်း (၁၅)ရွာမှ လူဦးရေ (၁၅၂၈၀)ဦးကို တိုက်ရိုက်အကျိုးပြုမည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုများ မြန်ဆန်လာကာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတို့ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကြေးနန်းတိုင်-ကသာရိုင်-နန်းတော်ရာ ကျေးရွာချင်းဆက် လမ်းအခြေအနေကိုလည်းကောင်း၊ အဆိုပါလမ်းပေါ်ရှိ အရှည်(၂၉၅)ပေ တောင်းရှည်တံတား တည်ဆောက်နေမှု အခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ကြေးနန်းတိုင်-ကသာရိုင်-နန်းတော်ရာ ကျေးရွာချင်းဆက်လမ်းသည် အရှည် (၇)မိုင် (၄)ဖာလုံရှိပြီး ကျေးရွာ (၁၇)ရွာ၊ လူဉီးရေ (၁၇၉၆၀) ဉီးကို အကျိုးပြုမည်ဖြစ်ပြီး ရာသီမရွေးသွားလာနိုင်သော လမ်းတစ်လမ်း ဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးအား တနင်္သာရီတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဉီးစီးဌာန၊  ညွှန်ကြားရေးမှူး(မြို့ပြ) ဉီးဇော်မိုးဉီးက မရင်းကြီးရွာ အဝင်လမ်း ကွန်ကရစ်ခင်းခြင်း (၃)မိုင် (၂)ဖာလုံ    ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ အော်ကြီး - မမသောင် - အနောက်ဘန်လော - ရေပေါ် - အနောက်သမီးလှ - ဝမ်းနာ - တကူလမ်း (၂၀)မိုင် ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ် ဦးခင်သက်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေစေရေးအတွက် ကျေးလက်လမ်း၊ တံတားများသည် အဓိကကျကြောင်း၊ လမ်း၊ တံတား လုပ်ငန်းများ အချိန်မီပြီးစီးရေး ဝိုင်းဝန်းပူပေါင်း ဆောင်ရွက်ရန်လိုကြောင်း မှာကြားပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားသည်။ 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၄)မှ တည်ဆောက်နေသော တနင်္သာရီတံတား တည်ဆောက်ရေး လုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ရောက်ရှိရာ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မျိုးထွန်းက တံတားဆိုင်ရာ အချက်အလက်များ၊ လုပ်ငန်းစီမံချက်နှင့်တိုးတက်မှု၊ အရည်အသွေးစစ်ဆေးခြင်းနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆောင်ရွက်ချက်များနှင့် ပတ်သက်၍လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်ဇော်ဝင်းက တံတားချဉ်းကပ်လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့နှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များမှာကြားပြီး ရှင်းလင်းဆောင်ရှုရပ်မှ တံတားတည်ဆောက် လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ယခုတည်ဆောက်နေသည့် တနင်္သာရီတံတားသစ်သည် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ မြိတ်-တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်းလမ်း မိုင်တိုင်(၄၉/၄)နှင့် (၄၉/၆)အကြားတွင်တည်ရှိပြီး စုစုပေါင်းတံတားအရှည် (၁၄၄၄)ပေ၊ မီတာ (၄၄၀) ဖြစ်ပြီး တံတားအမျိုး အစားမှာ အုတ်မြစ် - 1.5mø Bore Pile ၊ ကိုယ်ထည် - RC Concrete နှင့်အပေါ်ထည် -RC  Girder , P.C Girder , Steel Box Girder နှင့်  RC  Decking တို့ဖြင့် တည်ဆောက်ထားပြီး ယာဉ်သွားလမ်း အကျယ် (၂၈)ပေ၊ လူသွားလမ်းတစ်ဖက်လျှင် (၄)ပေစီပါရှိကာ ရေလမ်းကင်းလွတ်အကျယ် (၁၆၄)ပေ၊ အမြင့် (၃၃)ပေရှိပြီး  ခွင့်ပြုအလေးချိန်မှာ AASHTO  HS (25-44) ဖြစ်သည်။ ယခုအခါ တံတားတစ်စင်းလုံး (၈၉ ရာခိုင်နှုန်း)ပြီးစီးနေပြီ ဖြစ်သည်။ 

ယခင်တံတားဟောင်းသည် တစ်လမ်းမောင်းဘေလီတံတားဖြစ်ပြီး သက်တမ်းကြာမြင့် လာသည့်နှင့်အမျှ ကြံ့ခိုင်မှုအားနည်းလာသည့်အတွက် ယခု(၂)လမ်းမောင်းတံတားသစ်ကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ တံတားကြီးပြီးသွားပါက ခရီးသွားပြည်သူများ အချိန်တိုအတွင်း သွားလာရေး လွယ်ကူအဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်