နေပြည်တော် ၁ဝ မေ

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် မေ ၉ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လုပ်ငန်းစီမံကိန်းနေရာများနှင့် Video Conferencing စနစ်ဖြင့် ချိတ်ဆက်၍ လမ်း၊ တံတားတည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ လုပ်ငန်းတိုးတက်မှု၊ ကျေးလက်နေပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေစေရန် ကျေးလက်လမ်း၊ တံတားများဆောင်ရွက်ထားရှိမှု၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမည့် လုပ်ငန်းစီမံချက်များ၊ ကိုဗစ်-၁၉ ကာကွယ်ရေးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လုပ်ငန်းလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ရှေးဦးစွာ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၄) မှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်မျိုးထွန်းက တနင်္သာရီတိုင်းဒေသကြီးအတွင်း တာဝန်ယူတည်ဆောက်နေသည့် သမုတ် - လွတ်လွတ်တံတား၊ တနင်္သာရီတံတား၊ ပုလုံးတုံးတုံးတံတားများ လုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေ၊ တနင်္သာရီတံတားဟောင်းမှ သံပေါင်များနှင့် ဆက်စပ်ပစ္စည်းများ စနစ်တကျ ဖြုတ်သိမ်းနေမှု၊ စီမံကိန်းလုပ်ငန်းများတွင် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆေးပညာရှင်များအဖွဲ့နှင့် ပူးပေါင်းပြီး ပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့နှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တံတားများ၏ လုပ်ငန်းပြီးစီးမှုနှင့် ကျန်ရှိသည့် လုပ်ငန်းများဆောင်ရွက်နေမှုတို့ကို Video Clip ဖြင့် ပြသသည်။

 

တင်ပြချက်များနှင့်စပ်လျဉ်း၍ ကိုဗစ်-၁၉ ကာလအတွင်း တံတားလုပ်ငန်းများပြီးစီးမှုကို တွေ့မြင်ရသည့်အတွက် အားရကျေနပ်မိပါကြောင်း။ ဆက်လက်၍ ကျန်ရှိသည့်လုပ်ငန်းများ ပြီးစီးရေးအတွက် ကာယ၊ ဉာဏဝန်ထမ်းများ ညီညီညွတ်ညွတ်ဖြင့် ကြိုးပမ်းဆောင်ရွက်စေလိုပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ တနင်္သာရီတံတား ခရီးစဉ်တွင် လမ်းညွှန်မှာကြားချက်ဖြစ်သည့်  တနင်္သာရီတံတားဟောင်းမှ  ဘေလီတံတား(၅၀ ရာခိုင်နှုန်း)ကို တနင်္သာရီတိုင်းဒေသကြီး ကျေးလက်တံတားများတွင်သုံးရန်နှင့် ကျန်(၅၀ ရာခိုင်နှုန်း)ကို သဘာဝဘေးဒဏ်အတွက် အရန်အဖြစ်ထားရန် ပြည်ထောင်စုဝန်ကြီးက မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပြီးစီးနေသော တံတားများ Load Text Result များကို စစ်ဆေးပြီး ဆုံးဖြတ်ချက်များ ချမှတ်ပေးသည်။

 

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တံတား(၃)စင်း ဖြစ်သည့် သမုတ် - လွတ်လွတ် တံတားသည် ထားဝယ် - မြိတ်လမ်းပေါ်တွင် တည်ရှိပြီး တံတားအရှည်(၁၂၈၇)ပေ၊ ယာဉ်သွား လမ်းအကျယ် (၂၄)ပေ၊ လူသွားလမ်းတစ်ဖက်လျှင် (၃)ပေစီပါရှိပြီး ရေလမ်းကင်းလွတ်အကျယ် (၁၆၄) ပေ၊ အမြင့် (၁၅)ပေရှိပြီး ယာဉ်တစ်စီးချင်း ခွင့်ပြုအလေးချိန်မှာ AASHTO HS 25 ဖြစ်ကာ ယခုအခါ တံတားတစ်စင်းလုံး၏ ၉၃ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။

 

တနင်္သာရီတံတားသည် မြိတ် - တနင်္သာရီ - ဘုတ်ပြင်း - ကော့သောင်းလမ်းပေါ်တွင် တည်ရှိပြီး တံတားအရှည် (၁၄၄၄) ပေ၊ ယာဉ်သွားလမ်း အကျယ် (၂၈) ပေ၊ လူသွားလမ်း တစ်ဖက် လျှင် (၄) ပေစီ ပါရှိပြီး ရေလမ်းကင်းလွတ်အကျယ် (၁၆၄)ပေ၊ အမြင့် (၃၃)ပေရှိပြီး ယာဉ်တစ်စီးချင်း ခွင့်ပြုအလေးချိန်မှာ AASHTO HS 25 ဖြစ်ကာ ယခုအခါ တံတားတစ်စင်းလုံးပြီးစီးမှုမှာ ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။

 

ပုလုံးတုံးတုံးတံတားသည် ကော့သောင်း - ပုလုံးတုံးတုံးကျွန်းနှင့် ဆက်သွယ်ထားသော လမ်းပေါ်တွင် တည်ရှိပြီး တံတားအရှည်ပေ(၂၄၀၀)၊ ယာဉ်သွားလမ်းအကျယ်(၂၄)ပေ၊ လူသွားလမ်း တစ်ဖက်လျှင် (၅ပေ ၆လက်မ) စီပါရှိပြီး ရေလမ်းကင်းလွတ်အကျယ်ပေ(၈၀)၊ အမြင့်(၃)ပေရှိပြီး ယာဉ်တစ်စီးချင်း ခွင့်ပြုအလေးချိန်မှာ AASHTO HS 25 ဖြစ်ကာ ယခုအခါ တံတားတစ်စင်းလုံး၏ ၉၃ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။

 

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသက်ဇော်ဝင်းက တည်ဆောက်နေသော တံတားများ၏ချဉ်းကပ်လမ်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရိုင်အဖွဲ့(၃)ဖွဲ့နှင့် လမ်းအထူးအဖွဲ့(၂)ဖွဲ့တို့ဖြင့် ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းများဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ COVID-19 ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းစီမံချက်များနှင့်ပတ်သက်၍ Power Point ဖြင့်  ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊  ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဇော်မိုးဦးက တနင်္သာရီတံတားတည်ဆောက်ရေးလုပ်ငန်းခွင်တွင်  ယာယီတံတားအဖြစ် အသုံးပြုခဲ့သော ဘေလီတံတားသံပေါင်များအား တကူ- သာရဘွင်- ကျားခေါင်းတောင်- သိန္ဓော- ကော့မပြင်း ကျေးလက်လမ်းပေါ်ရှိ တည်ဆောက်လျက်ရှိသည့် တံတား(၃)စင်းတွင် ပြန်လည်အသုံးပြုမည့် အစီအမံများနှင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျေးလက် လမ်း / တံတား လုပ်ငန်းများဖြစ်သည့် အရှေ့ဘန်လော - ကော်တော - သမီးလှ ကွန်ကရစ်လမ်း၊ ရေဖြူ - ကဒက်ငယ် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း၊ ဇာဒီ - ပရ ကျေးရွာ ချင်းဆက်ကွန်ကရစ်လမ်း၊ ကန်သာယာ - ရင်းတောင် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း၊ ဘုရင့်တောင် - ဆင်ထိုးငယ် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း၊ ရေငန်းရှိုင် - ချောင်းစလန်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းနှင့် ယမုံနာ-ရွှေတောင်ကုန်းစု ကျေးရွာချင်းဆက် လမ်းပေါ်ရှိ ပေ (၄၀) ကွန်ကရစ်တံတားတည်ဆောက်ခြင်း၊ ကျောက်မဲတောင် - မြေးခံဘော် ကျေးရွာချင်းဆက် ကတ္တရာလမ်းအစရှိသည့်လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးနေမှုတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော လမ်း၊ တံတားနှင့် ကျေးလက်လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေတို့ကို စီမံကိန်းလုပ်ငန်းနေရာများနှင့် တိုက်ရိုက်ချိတ်ဆက်၍ Video Clip ဖြင့် ပြသမှုအား ကြည့်ရှုစစ်ဆေးသည်။

 

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က မိမိတို့တာဝန်ယူ ဆောင်ရွက်သည့်လုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရေး ကြိုးစားဆောင်ရွက်ရန်လိုပါကြောင်း၊ ချဉ်းကပ်လမ်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စတင်ဆောင်ရွက်စဉ်ကပင် အရည်အသွေး ပြည့်မီအောင် ဆောင်ရွက်ရန်လိုပါကြောင်း၊ မိုးတွင်းကာလရောက်ရှိပြီဖြစ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရန်လိုပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးနှင့်အတူ ကျေးလက်နေပြည်သူများ၏ သွားလာရေးလွယ်ကူအဆင်ပြေစေရန် ကျေးလက်လမ်းတံတားများ တိုးတက်ကောင်းမွန်ရန်လိုပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို အလေးထားလိုက်နာ ဆောင်ရွက်ရန်လိုပါကြောင်း၊ အင်ဂျင်နီယာများ၏ စွမ်းပကားဖြင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်