နေပြည်တော်၊ ၁၄ ဇန်နဝါရီ
ဝါရှင်တန်သဘောတူညီချက် (Washington Accord) အပြည့်အဝအဖွဲ့ဝင် ဖြစ်မြောက်ရေး နိုင်ငံတကာ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ညီလာခံကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ခရေပင်လမ်း အမှတ်(5A) မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီရုံး၌ ကျင်းပရာ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ နာယက ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် နေပြည်တော်မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။
အခမ်းအနားသို့ WFEO မှ ဥက္ကဋ္ဌ Prof. Dr.GONG Ke ၊ Washington Accord Executive Committee မှ ဥက္ကဋ္ဌ Em Prof . Elizabeth Taylar နှင့် China Association for Science and Technology (CAST) တို့မှ ပညာရှင်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ နာယကများ၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်မှ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်ဝန် ဦးရွှေလေးနှင့် တာဝန်ရှိသူများ Virtual Meeting ဖြင့် တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီနာယက၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က အင်ဂျင်နီယာပညာရပ် အသိအမှတ်ပြုခြင်းတာဝန်များကို လွတ်လပ်စွာ အလေးထားဆောင်ရွက်ရန်အတွက် အင်ဂျင်နီယာပညာရပ် အသိအမှတ်ပြုကော်မတီကို မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ ဖွဲ့စည်းခဲ့ပါကြောင်း၊ ယင်းကော်မတီသည် အာဆီယံနှင့် အာရှပစိဖိတ်ဒေသနှင့် သက်ဆိုင်သော အင်ဂျင်နီယာ အဖွဲ့ချုပ်နှင့် ဆက်သွယ်၍ အင်ဂျင်နီယာ ပညာပေးအစီအစဉ်များကို အဆင့်မြှင့်တင်ခဲ့ကြောင်း၊ အသိပညာပေး သင်တန်းများကို အမြဲ ကမကထပြုလုပ်ပြီး အသိအမှတ်ပြုခြင်းကိုလည်း စတင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
၂၀၁၃ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း တက်ကြွစွာ အားစိုက်ကြိုပမ်းမှုများနှင့် လှုပ်ရှားမှုများ အကြောင်းကိုလည်း ပြောကြားလိုပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို (၅၂)ကြိမ် ပြုလုပ်ခဲ့ပြီး သင်တန်းများကိုလည်း နိုင်ငံတကာအဆင့်ရှိအဖွဲ့ အစည်းများမှ ပို့ချသင်ကြားပေးခဲ့ပါကြောင်း၊ ဆွေးနွေးပွဲများ၏ ရလဒ်အတွက် နည်းပညာတက္ကသိုလ်များ အားလုံးမှ စိတ်ပါဝင်စားစွာပါဝင်ခဲ့ပြီး အသိအမှတ်ပြုမှုရရှိရန်အတွက် ပူးပေါင်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ အသိအမှတ်ပြုခြင်းကို ဦးဆောင်ဦးရွက်ပြု၍ နည်းပညာတက္ကသိုလ် ၁၅ ခုကို အရည်အသွေးစိစစ် အသိအမှတ်ပြုခြင်းနှင့် ပဏမစိစစ် အသိအမှတ်ပြုခဲ့ပြီး နည်းပညာတက္ကသိုလ် ၉ ခုမှာ ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း၊ ၇၂ ဒသမ ၂ ရာခိုင်နှုန်းမှာ အရည်အသွေးစိစစ် အသိမှတ်ပြုခဲ့ပြီး အခြားနည်း ပညာတက္ကသိုလ်များကလည်း ကြိုတင်ပြင်ဆင်နေဆဲဖြစ်ပါကြောင်း၊ နည်းပညာတက္ကသိုလ်များ အားလုံးအတွက် မဝေးတောသည့် အနာဂတ်တွင် အသိအမှတ်ပြုလိမ့်မည်ဟု မျှော်လင့်ပါကြောင်း။
မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ အနေဖြင့် အပြည်ပြည်ဆိုင်ရာ အရည်အသွေးစိစစ် အသိအမှတ်ပြုခြင်း လှုပ်ရှားမှုများကို ဦးဆောင်ဦးရွက်ပြုရန်၊ အင်ဂျင်နီယာပညာ၏ အရည်အသွေးမြင့်မားသော အာမခံချက် CQI ကို တိုက်တွန်းရန်၊ အဖွဲ့ဝင်များနှင့် စိတ်ပါဝင်စားသော အဖွဲ့အစည်းများနှင့်အတူ သဘာဝကျကျ ဆက်ဆံရေးကို တည်ထောင်ရန်၊ အကောင်းဆုံးသော အလေ့အကျင့်များကို အသုံးပြုခြင်းဖြင့် စနစ်တကျ မှတ်ပုံတင်ခြင်း ကိုတိုးမြှင့်ရန်၊ အင်ဂျင်နီယာကောင်စီအနေဖြင့် အင်ဂျင်နီယာပညာရေး တိုးတက်ရေးကို တိုးချဲ့ရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် Washington Accord Executive Committee မှ ဥက္ကဋ္ဌ Em Prof . Elizabeth Taylar နှင့် WFEO မှ ဥက္ကဋ္ဌ Prof. Dr.GONG Ke တို့က အမှာစကားပြောကြားသည်။
ယင်းနောက် အင်ဂျင်နီယာပညာရပ်ဆိုင်ရာ နိုင်ငံတကာညီလာခံနှင့်ပတ်သက်၍ ပညာရှင်များ၊ စာတမ်းရှင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် စာတမ်းများကို ဖတ်ကြားခဲ့ပြီး ပါဝင်တက်ရောက်သူများက အပြန်အလှန်မေးခွန်းများ၊ အဖြေများဖြင့် ပါဝင်ဆွေးနွေးသည်။
ယနေ့ကျင်းပသည့် အင်ဂျင်နီယာပညာရပ်ဆိုင်ရာ နိုင်ငံတကာညီလာခံကို ဇန်နဝါရီ (၁၆) ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


