ရန်ကုန် ၂၅ ဇန်နဝါရီ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ဘနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ) သို့ ရောက်ရှိပြီး သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်လှလှသွယ်က ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဖွင့်လှစ်မည့် သင်တန်းအခြေအနေ၊ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု "စံ" သတ်မှတ်ရေးအဖွဲ့ (NSSA)၊ ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ (ACC)၊ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အလုပ် အကိုင် ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီ (CISC) များဖွဲ့စည်းပြီး ဆောင်ရွက်မှုအခြေအနေ၊ ကဏ္ဍအလိုက်ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် သင်တန်းကျောင်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းကျွမ်းကျင်ဖို့ သင်တန်းသည် အရေးကြီးပါကြောင်း၊ သဘာဝဘေးဒဏ်ကြိုတင်ကာကွယ်ရေးနှင့် Safety သင်တန်းများ မဖြစ်မနေပါရှိရန် လိုပါကြောင်း၊ သင်တန်းတက်ရောက်ပြီးပါက အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရန် လိုကြောင်း မှာကြားပြီး သင်တန်းသူ၊ သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ၊ ကျေးလက်လမ်းခင်းပစ္စည်းများ ဓါတ်ခွဲခန်းရုံးသို့ ရောက်ရှိပြီး တာဝန်ရှိသူမှ ကျေးလက်လမ်းများ အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီရန် အတွက် သုတေသနဓါတ်ခွဲစမ်းသပ်ပြီး ဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များမှာကြားပြီး ဓါတ်ခွဲခန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တံတားဦးစီးဌာန၊ အရည်အသွေး ထိန်းသိမ်းရေးဌာနခွဲရုံးသို့ ရောက်ရှိပြီး တာဝန်ရှိသူမှ မြေနမူနာစမ်းသပ်ခြင်းလုပ်ငန်းများ၊ ကွန်ကရစ် အရည်အသွေးထိန်းသိမ်းခြင်းနှင့် တံတားသုတေသနလုပ်ငန်းများ ဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက သုတေသနဓါတ်ခွဲခန်း မှတ်တမ်းများ စနစ်တကျထားရှိရန်နှင့် လုပ်ငန်းခွင် ကွင်းဆင်းဆောင်ရွက်သည့်အခါ Safety ကို ဦးစားပေး ဆောင်ရွက်ရန်မှာကြားပြီး ဓါတ်ခွဲခန်းများ၊ မြေနမူနာထုတ်စမ်းသပ်ခန်းနှင့် ကွန်ကရစ်အရည်အသွေး ထိန်းသိမ်းရေးဓါတ်ခွဲခန်းများအား လှည့်လည် ကြည့်ရှု့စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆောက်အဦးစီးဌာန၏ သုတေသန ဓါတ်ခွဲခန်းများအတွင်း လက်တွေ့စမ်းသပ်နေမှုအားလည်းကောင်း၊ လမ်းဦးစီးဌာန၏ သုတေသန နှင့်ဓါတ်ခွဲခန်းများအားလည်းကောင်း လှည့်လည်ကြည့်ရှု့စစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)