နေပြည်တော် ၂၃ ဇန်နဝါရီ 


အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ ဇန်နဝါရီ ၂၁ ရက်တွင် ကျင်းပသည့် (၂၂) ကြိမ်မြောက် အာဆီယံ-အီးယူ ဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးနောက် ယနေ့မွန်းလွဲပိုင်းတွင် ပြန်လည်ရောက်ရှိသည်။


အဆိုပါ အစည်းအဝေးတွင် အာဆီယံ-အီးယူ ဆွေးနွေးဖက်ဆက်ဆံရေး၏ ညှိနှိုင်းရေးမှူးနိုင်ငံဖြစ်သည့် စင်ကာပူနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Mr. Vivian Balakrishnan နှင့် အီးယူ၏ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် Mrs. Federica Mogherini တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် အီးယူအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။ 


အစည်းအဝေးတွင် အာဆီယံနှင့်အီးယူတို့အကြား ဆွေးနွေးဖက်ဆက်ဆံရေးကို ပြန်လည်သုံးသပ်ခဲ့ကြပြီး ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များတွင် အာဆီယံနှင့် အီးယူအကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ အာဆီယံနှင့် အီးယူ အဖွဲ့အစည်းတို့အတွင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် အာဆီယံ-အီးယူ ဆွေးနွေးဖက် ဆက်ဆံရေး အားမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ တိုးမြှင့်ရေးကိစ္စရပ်တို့အပေါ် ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြသည်။
သီးသန့် နေ့လယ်စာစားပွဲအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ် အရေးကိစ္စနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို အလွတ်သဘော အသိပေးပြောကြားသည်။ 


ထိုသို့ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ကူညီပံ့ပိုးပေးရန်အတွက် မြန်မာနှင့် အာဆီယံအကြား ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများ၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား နှစ်နိုင်ငံသဘောတူညီချက်နှင့်အညီ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံဘက်မှ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ကုလသမဂ္ဂ ဖွံဖြိုးမှုအစီအစဉ် (UNDP) တို့အကြား လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအား အကောင်အထည်ဖော်ရာတွင် ဖြစ်ပေါ်တိုးတက်မှုများနှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။


အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက အာဆီယံအတွင်းရေးမှူးချုပ်အား မြန်မာနိုင်ငံသို့ ဖိတ်ကြားခဲ့ပြီး ၎င်း၏ ခရီးစဉ်အတွင်း အာဆီယံ၏ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ညှိနှိုင်းမှုဌာန  (AHA Centre) က စေလွှတ်မည့် လိုအပ်ချက် ဆန်းစစ်လေ့လာရေး အဖွဲ့၏ လုပ်ငန်းလမ်းညွှန် (TOR) ကို အတည်ပြုနိုင်ခဲ့ကြောင်း၊ ယင်းလေ့လာရေး အဖွဲ့အနေဖြင့် နေရပ်ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်တွင် အာဆီယံက ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များကို ရွေးချယ်သတ်မှတ်ရန် ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာခြင်းနှင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် စတင်သည့်အချိန်တွင် လေ့လာစောင့်ကြည့်ပြီး အလုံးစုံလိုအပ်ချက် ဆန်းစစ်လေ့လာခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် နေရပ်ပြန်လည် ပို့ဆောင်ရေးလုပ်ငန်းစဉ်ကို အထောက်အကူ ပြုစေရန်အတွက် AHA Centre အနေဖြင့် မြန်မာနိုင်ငံတွင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ပြန်လည်လက်ခံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှု လုပ်ငန်းများ ပြန်လည်စတင်ရန် မကြာသေးမီက မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား ခေါ်ယူတွေ့ဆုံပြောကြားခဲ့ပြီး ထပ်မံစိစစ် အတည်ပြုထားသည့် နေရပ်စွန့်ခွာသူ (၆၀၃) ဦး၏ အမည်စာရင်းကို ပေးအပ်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။


ထို့ပြင် ပြည်ထောင်စုဝန်ကြီးက သက်သေအထောက်အထားအပေါ် အခြေခံသော စုံစမ်းမှုများကို လွတ်လပ်စွာ ဆောင်ရွက်လျက်ရှိသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ လုပ်ငန်းဆိုင်ရာ တိုးတက်မှုအခြေအနေများကို ရှင်းပြပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များနှင့် ပတ်သက်၍ သက်သေအထောက်အထားများ ရှိပါက ပေးပို့ပေးကြရန် ယင်းကော်မရှင်က အများပြည်သူသိရှိနိုင်ရန်အတွက် တရားဝင်ထုတ်ပြန် ကြေညာထားကြောင်း၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် အချက်အလက်များ ရယူနိုင်ရေးအတွက် ကော့စ်ဘဇားသို့ သွားရောက်ရန် ဘင်္ဂလားဒေ့ရှ်ဘက်သို့ အဆိုပြုထားကြောင်း၊ ရခိုင်ပြည်နယ်ရှိ ဒေသအချို့တွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်မှုများကို လုံခြုံရေးအခြေအနေအရ ခေတ္တကန့်သတ်ထားရသော်လည်း အစိုးရ၊ ICRC နှင့် WFP တို့က လူသားချင်း စာနာထောက်ထားမှု အကူအညီများကို ဆက်လက်ပေးအပ်လျက်ရှိကြောင်း အသိပေးပြောကြားခဲ့သည်။


မျက်နှာစုံညီအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ် (Initiative for ASEAN Integration-IAI) ကို အကောင်အထည်ဖော် ဆောင်နေရွက်သည့် အခြေအနေများနှင့် IAI ၏ လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော်ရာတွင် အာဆီယံနှင့် အီးယူအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များကို ဦးဆောင်ဆွေးနွေးခဲ့သည်။ IAI အစီအစဉ်သည် အာဆီယံ အသိုက်အဝန်း တည်ထောင်ခြင်းနှင့် ပေါင်းစည်းရေး လုပ်ငန်းစဉ်တို့ကို အထောက်အကူ ဖြစ်စေရေးအတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရန် ရည်ရွယ်၍ ၂၀ဝ၀ ပြည့်နှစ်တွင် စတင်ခဲ့သည့် အစီအစဉ်တစ်ခုဖြစ်သည်။ 


အဆိုပါ အစည်းအဝေးကာလအတွင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ဘယ်လ်ဂျီယံနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် ဥရောပရေးရာဝန်ကြီး Mr. Didier Reynders၊ ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Tomáš Petříček၊ ပြည်ထောင်စု သမ္မတဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Heiko Maas၊ ဟန်ဂေရီနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး Mr. Péter Szijjártó နှင့် နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Stef Blok တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကျိုးတူ ကိစ္စရပ်များ၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။ 

 


ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ဥရောပသမဂ္ဂ၊ ကုန်သွယ်ရေးကော်မရှင်နာ Ms. Cecilia Malmstrom နှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းသို့ တွေ့ဆုံစဉ်  မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံအား လက်ရှိပေးအပ်လျက်ရှိသော ဂျီအက်စ်ပီကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးအပေါ် ပြန်လည်သုံးသပ်မည့် ကိစ္စရပ်များ ကိုဆွေးနွေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက အခြေခံပြည်သူများ အထူးသဖြင့် အထည်ချုပ်လုပ်ငန်းတွင် လုပ်ကိုင်နေကြသော အလုပ်သမားများနှင့် ၎င်းတို့အား မှီခိုနေသူများ၏ လူမှု-စီးပွားရေးကို ထိခိုက်နစ်နာစေမည့် အခြေအနေများ အပါအဝင် ဂျီအက်စ်ပီကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး ရုပ်သိမ်းခြင်း၏ အကျိုးဆက်များကို အလေးထား ထောက်ပြဆွေးနွေးခဲ့သည်။ 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လူ့အခွင့်အရေးတိုးမြှင့်ရေး၊ အလုပ်သမားနှင့် ကလေးသူငယ်များ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးတို့တွင် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ တိုးတက်မှုအခြေအနေများနှင့် တတိယအကြိမ် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားနိုင်ရန်  ဥရောပသမဂ္ဂကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်အားလာမည့် ဖေဖော်ဝါရီလအတွင်း လက်ခံစီစဉ်ပေးရေး ကိစ္စရပ်များကို ရှင်းလင်းအသိပေးခဲ့သည်။ ထို့ပြင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နှစ်နိုင်ငံ သဘောတူညီချက်နှင့်အညီ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အမြန်ဆုံးစတင်နိုင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နောက်ဆုံးညှိနှိုင်းနေမှု အခြေအနေများအပါအဝင် ရခိုင်ပြည်နယ် အရေးကိစ္စအား ဖြေရှင်းရာတွင် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို အသိပေးပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်စဉ်များ ရှိနေသော်လည်း နေရပ်တိမ်းရှောင်သူများအတွက် လူသားချင်းစာနာမှု အကူအညီများနှင့် ရိက္ခာများ ဆက်လက်ထောက်ပံ့ပေးနေသည့် လက်ရှိအစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။  


(သတင်းစဉ်)  

 

mdn