နေပြည်တော်  ၁၀  နိုဝင်ဘာ

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ (၂၂)ကြိမ်မြောက် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း ကောင်စီအစည်းအဝေးနှင့် (၂၈)ကြိမ်မြောက် အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီ အစည်းအဝေးများကို ယနေ့ နံနက် ၇ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်ဖြင့်ကျင်းပရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။

အစည်းအဝေးများ၌ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Pham Binh Minh က သဘာပတိအဖြစ် ဆောင်ရွက်ပြီး၊ အစည်းအဝေးများသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များ၊ ဆွေးနွေးဖက် နိုင်ငံများနှင့် ကျင်းပမည့် ထိပ်သီးအစည်းအဝေးများ အပါအဝင် အာဆီယံ၏ ပြင်ပဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များနှင့် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်တွင် ပြင်ပနိုင်ငံများက ပါဝင်လက်မှတ်ရေးထိုးမည့် ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ 

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က ဆွေးနွေးပြောကြားရာတွင် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ပိုမို တိုးတက်ခိုင်မာစေရန်နှင့် ဒေသတွင်း မဟာဗျူဟာမြောက် တည်ငြိမ်မှုကို တည်ဆောက်ရန် အရေးကြီးကြောင်း၊ အင်အားကြီးနိုင်ငံများအကြား ပထဝီနိုင်ငံရေးတင်းမာမှုနှင့် ပြိုင်ဆိုင်မှုများ တိုးမြင့်လာခြင်းကြောင့် အားပြိုင်နေသည့် အုပ်စုများအကြား ယုံကြည်မှုတည်ဆောက်ရာတွင်  အာဆီယံအနေဖြင့် ပိုမိုအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင် ရန်လိုအပ်ကြောင်း  ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ဒေသတွင်း၌ ကြုံတွေ့နေရသည့် ကမ္ဘာ့ကပ်ရောဂါ၊ အကြမ်းဖက်ဝါဒနှင့် ဒေသတွင်း လူကုန်ကူးမှုများ အပါအဝင် သမာရိုးကျမဟုတ်သည့် လုံခြုံရေးကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာ၌ တက်ညီလက်ညီ ဆောင်ရွက်နိုင်သည့်စွမ်းရည်ကို တိုးမြှင့်တည်ဆောက်ရန် လိုအပ်ကြောင်း အလေးထား ပြောကြားခဲ့သည်။  ရခိုင်ပြည်နယ်အရေးကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနှင့် အာဆီယံအကြား ပူးပေါင်းဆောင်ရွက် နိုင်မည့်နယ်ပယ်များကို လေ့လာသည့် အာဆီယံဆန်းစစ် လေ့လာရေးအဖွဲ့၏ အစီရင်ခံစာပါ အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ အပါအဝင် နေရပ်စွန့်ခွာသူများ မိမိဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ကောင်းမွန်သည့်ပတ်ဝန်းကျင်ကို ဖန်တီးရာတွင် လည်းကောင်း၊ ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖော်ဆောင်ရာ တွင်လည်းကောင်း၊ မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို ရှင်းလင်းအသိပေးခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် အိမ်နီးချင်းကောင်းစိတ်ဓာတ်ဖြင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ နှစ်နိုင်ငံသဘောတူညီချက်အတိုင်း လိုက်နာဆောင်ရွက်မည်ဆိုပါက နေရပ်စွန့်ခွာသူ များ၏ အရေးကိစ္စကို အဆိုပါ သဘောတူညီချက်နှင့်အညီ ဖြေရှင်းသွားရန်အသင့်ရှိကြောင်း မြန်မာအစိုးရ၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပြောကြားသည်။

(၂၂)ကြိမ်မြောက် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းကောင်စီ အစည်းအဝေးတွင် ဝန်ကြီးများက အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း ကောင်စီအောက်ရှိ ကဏ္ဍအလိုက်အဖွဲ့အစည်းများ၏ လတ်တလော ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း အခြေပြမြေပုံ-၂၀၂၅ အကောင်အထည်ဖော်ရေးနှင့် ပြန်လည်သုံးသပ်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ အလားတူ (၂၈)ကြိမ်မြောက် အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ်၊ အာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ် ဗီယက်နမ်နိုင်ငံ၏ ဦးစားပေးလုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ကူးစက် ရောဂါတုံ့ပြန်ရေးဆိုင်ရာ အာဆီယံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို လည်းကောင်း၊ (၃၇)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများ ကျင်းပရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကိုလည်းကောင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်တွင် ကိုလံဘီယာသမ္မတနိုင်ငံ၊ ကျူးဘားသမ္မတနိုင်ငံနှင့် တောင်အာဖရိကသမ္မတနိုင်ငံတို့အား စာချုပ်ဝင်အဖြစ် လက်ခံခြင်းဆိုင်ရာ စာချွန်လွှာတွင် လက်မှတ်ရေးထိုးသည့် အခမ်းအနားသို့ ပါဝင်တက်ရောက် လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်