နေပြည်တော် ၂၄ ဇွန်
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် သည် ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်မှစတင်၍ videoconferencing စနစ်ဖြင့် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေး၊ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်းကောင်စီအစည်းအဝေးနှင့် အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီအစည်းအဝေးများသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်ခဲ့သည်။ အဆိုပါ အစည်းအဝေးများသို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘော အစည်းအဝေးတွင် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များ၊ အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်တွင် ပြင်ပနိုင်ငံများက ပါဝင်လက်မှတ်ရေးထိုးမည့်ကိစ္စရပ်များအပြင် ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ လူသားချင်းစာနာမှု အကူအညီပေးရေး၊ ရေရှည်ဖွံ့ဖြိုးရေးနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား အထောက်အကူပြုစေရေးတို့ အတွက် မြန်မာနိုင်ငံနှင့် အာဆီယံတို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်တို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာနှင့်အဝှမ်း ကိုဗစ်-၁၉ ကပ်ရောဂါပြန့်ပွားလာမှု၊ ဒေသတွင်း၌ အင်အားကြီးနိုင်ငံများအကြား ပြိုင်ဆိုင်မှု၊ တင်းမာမှု နှင့် အငြင်းပွားမှုများ မြင့်တက်လာခြင်းတို့က ဒေသတွင်းတည်ငြိမ် အေးချမ်းမှုကို ခြိမ်းခြောက်လျက်ရှိပြီး၊ အာဆီယံအနေဖြင့် ပိုမိုကြီးမားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်လာရဖွယ် ရှိကြောင်း၊ သို့ဖြစ်၍ ယခုအချိန် တွင် အာဆီယံ၏ စည်းလုံးညီညွတ်မှု၊ အချက်အချာကျမှုနှင့် ပြောင်းလဲ နေသည့် ဒေသတွင်းဗိသုကာပုံစံတွင် အဓိကမောင်းနှင်အားအဖြစ်ပါဝင်မှုတို့မှာ ပိုမို အရေးကြီးလာကြောင်း၊ တင်းမာမှုများ လျော့ပါးသက်သာ စေရေးအတွက် အာဆီယံအနေဖြင့် ၎င်း၏ယန္တရားများ အထူးသဖြင့် အာဆီယံဒေသဆိုင်ရာဖိုရမ်နှင့် အရှေ့အာရှထိပ်သီးအစည်းအဝေး တို့မှတစ်ဆင့် ပိုမိုအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း၊ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်နှင့် အင်ဒို-ပစိဖိတ်ဆိုင်ရာအာဆီယံ၏သဘောထားအမြင်တို့တွင် ပါဝင်သည့် မူ (principle) များကို အာဆီယံအနေဖြင့် ဆက်လက်တိုးမြှင့် ဖော်ဆောင်သွား သင့်ကြောင်း ဆွေးနွေးပြောကြားသည်။
ရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဝင်ရောက်လာသူများအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင် တစ်ရပ် ဖန်တီးရာတွင် အစိုးရ၏ကြိုးပမ်းဆောင်ရွက် ချက်များ၊ နှစ်နိုင်ငံ သဘောတူညီချက်နှင့်အညီ နေရပ်စွန့်ခွါသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို စတင်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းလျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံဘက်မှ စိစစ်အတည်ပြုပြီးဖြစ်သည့် နေရပ်စွန့်ခွာသူများစာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပေးပို့ထားသည့် အခြေအနေများ၊ နေရပ်စွန့်ခွါ သူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် အာဆီယံနှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့်နယ်ပယ်များကို လေ့လာသည့် ပဏာမဆန်းစစ်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော်ရာတွင် မြန်မာနှင့်အာဆီယံအကြား ပူးပေါင်း ဆောင်ရွက်နေမှုများ၊ UNDP ၊ UNHCR တို့နှင့်ပူးပေါင်း၍ ရခိုင်ပြည်နယ် တွင် Quick Impact Project များနှင့် Pilot Project များ ဖော်ဆောင် လျက်ရှိသည့် အခြေအနေများ၊ IDP စခန်းများ ပိတ်သိမ်းရေးအတွက် အစိုးရအနေဖြင့် မဟာဗျူဟာချမှတ်၍ ဆောင်ရွက်နေမှုများ၊ IDP စခန်းများတွင် COVID-19 ကူးစက်ရောဂါ ထိန်းချုပ်ရေးအတွက် ICRC နှင့် ပူးပေါင်း၍ အစိုးရက ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် လှေစီးဒုက္ခသည်များပြဿနာအား ကာကွယ်တားဆီးရေးအတွက် လူကုန်ကူးမှုများ တားဆီးနှိမ်နှင်းရေးတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် လိုအပ်ချက်အပါအဝင် မြန်မာနိုင်ငံ၏ ရပ်တည်ချက်များကို အသိပေးဆွေးနွေးပြောကြားသည်။
(၂၁) ကြိမ်မြောက် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း ကောင်စီအစည်းအဝေး တွင် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်း ကောင်စီအောက်ရှိ ကဏ္ဍအလိုက်အဖွဲ့အစည်းများ၏ လက်ရှိ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်းအခြေပြမြေပုံ (၂၀၂၅) အကောင်အထည်ဖော်ရေးနှင့် ပြန်လည်သုံးသပ်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ အလားတူ (၂၆) ကြိမ်မြောက် အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီ အစည်းအဝေးတွင် အာဆီယံပူးပေါင်းဆောင်ရွက်ရေးနှင့် အသိုက်အဝန်း တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ၊ (၃၆)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် ကြိုတင် ပြင်ဆင်ထားရှိမှုအခြေအနေများ၊ COVID-19 ကူးစက်ရောဂါဆိုင်ရာ အာဆီယံအထူး ထိပ်သီးအစည်းအဝေး နှင့် အာဆီယံအပေါင်းသုံး အထူးထိပ်သီးအစည်းအဝေးတို့၏ ဆွေးနွေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်မှုနှင့် ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိများ လည်း ပါဝင်တက်ရောက်ခဲ့ကြသည်။
Credit#နိုင်ငံခြားရေးဝန်ကြီးဌာန


