နေပြည်တော် ၂၉ ဇန်နဝါရီ 

 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ဆားဘီးယားသမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Ivica Dačić အား ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာနရှိ ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ 

 

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား အဆင့်မြင့်ကိုယ်စားလှယ်ခရီးစဉ်များ အပြန်အလှန် သွားရောက်ရန်စီစဉ်ရေး၊ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ညှိနှိုင်းဆွေးနွေးပွဲများ ပုံမှန်ကျင်းပသွားရေး၊ အားကစား၊ ကုန်သွယ်ရေး၊ ပညာရေး၊ သတင်းမီဒီယာနှင့် ယဉ်ကျေးမှုကဲ့သို့သော နယ်ပယ်များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့သည်။  

 

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ဆားဘီးယားသမ္မတ နိုင်ငံအစိုးရတို့အကြား သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ဗီဇာကင်းလွတ်ခွင့်ပြုရေး သဘောတူစာချုပ်ကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဆားဘီးယားသမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Ivica Dacic တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။ 

 

မွန်းလွဲပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ဆားဘီးယားသမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ Park Royal ဟိုတယ်တွင် နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

 

(သတင်းစဉ်)

 

mdn