နေပြည်တော် ၁၃ နိုဝင်ဘာ
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့တွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် ဒုတိယအကြိမ် မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးနှင့် (၁၂)ကြိမ်မြောက် မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးများသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကိုယ်စား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။
ဒုတိယအကြိမ် မဲခေါင်-ကိုရီးယားပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး
ဒုတိယအကြိမ် မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးကို ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ မွန်ဂျေအင်း တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ်ဆောင်ရွက်ပြီး မဲခေါင် နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်များသည် ဒေသတွင်း ငြိမ်းချမ်းသာယာသော ပြည်သူဗဟိုပြုအသိုက်အဝန်းတစ်ခု ထူထောင်နိုင်ရေးအတွက် မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် အနာဂတ်လုပ်ငန်းစဉ်များအပေါ် ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးမှ လက်ရှိ မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု၏ မဏ္ဍိုင်(၃)ခုဖြစ်သည့် ပြည်သူဗဟိုပြုမဏ္ဍိုင်၊ သာယာဝပြောမှုမဏ္ဍိုင်နှင့် ငြိမ်းချမ်းရေးမဏ္ဍိုင် (People၊ Prosperity၊ Peace) တို့အပေါ် အခြေခံ၍ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များကို “မဟာဗျူဟာမြောက် မိတ်ဖက်ပြုပူးပေါင်း ဆောင်ရွက်မှု” အဖြစ် အဆင့်မြှင့်တင်သွားရန် သဘောတူညီခဲ့ကြပြီး၊ ၂၀၂၁ ခုနှစ်ကို မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု (၁၀)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “Mekong-ROK Exchange Year 2021” အဖြစ်လည်း သတ်မှတ်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မိန့်ခွန်းပြောကြားရာ၌ ကိုရီးယားသမ္မတနိုင်ငံက မြန်မာနိုင်ငံအပါအဝင် မဲခေါင်နိုင်ငံများ၏ COVID-19 ရောဂါတိုက်ဖျက်မှုအတွက် ရန်ပုံငွေနှင့် ဆေးပစ္စည်းများ ထောက်ပံ့သည့်အပြင်၊ သတင်းအချက်အလက်နှင့် အတွေ့အကြုံများမျှဝေ ပေးခဲ့ခြင်းအတွက် ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီး၊ မိမိတို့ဒေသတွင်းမှ ပြည်သူများ COVID-19 ကာကွယ်ဆေး လက်လှမ်းမီရရှိရေး ဆောင်ရွက်ပေးရန်မှာ မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုအတွက် အလွန်အရေးကြီးသော လုပ်ငန်းစဉ်ဖြစ်ကြောင်းနှင့် COVID-19 ကြောင့်ထိခိုက်ခဲ့ရသည့် အလတ်စား၊ အငယ်စားနှင့် အသေးစား စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းသစ်များ ပြန်လည်စတင်နိုင်ရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းရှိသော ဝန်းကျင်တစ်ခုဖြစ်ပေါ်လာစေရေးအတွက် အလေးပေးကူညီဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း အကြံပြုဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ကိုရီးယားသမ္မတ မွန်ဂျေအင်းက ကြေညာခဲ့သော New Southern Policy Plus (NSPP) မူဝါဒအသစ်နှင့် မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုအား မဟာဗျူဟာမြောက် မိတ်ဖက်ပြုပူးပေါင်းဆောင်ရွက်မှုအဖြစ် အဆင့်မြှင့်တင်ခဲ့ခြင်းကို လည်းကောင်း၊ ကိုရီးယားသမ္မတနိုင်ငံမှ အာဆီယံနိုင်ငံများသို့ တရားဝင် အကူအညီ (ODA) တိုးမြှင့်ပေးအပ်ရန် ကတိကဝတ်ပြုခြင်း၊ မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေသို့ နှစ်စဉ် အမေရိကန်ဒေါ်လာ(၃)သန်းထည့်ဝင်ခြင်းနှင့် အက်မက်စ်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုအတွက် အမေရိကန်ဒေါ်လာ(၁)သန်း ထည့်ဝင်ခြင်းတို့အတွက် လည်းကောင်း ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ ကိုရီးယားသမ္မတနိုင်ငံက COVID-19 ဖြစ်ပွားနေသည့် ကာလအတွင်း ရွေးကောက်ပွဲကျင်းပမှု အတွေ့အကြုံများမျှဝေခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း၊ ယင်းတို့မှာ မကြာမီက ကျင်းပပြီးစီးခဲ့သည့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ပြင်ဆင်ရေးအတွက် အကျိုးပြုစေခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အစည်းအဝေးမှ ဒုတိယအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေး ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
(၁၂)ကြိမ်မြောက် မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး
(၁၂)ကြိမ်မြောက် မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး ဆက်လက်ကျင်းပရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုနှင့် ဂျပန်နိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ ယိုရှီဟီဒဲစုဂ တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြသည်။ အစည်းအဝေးသို့ မဲခေါင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုပြည်သူ့ ဒီမိုရက်တစ်သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်များက COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့်စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် စည်းလုံးညီညွတ်မှုနှင့် စုပေါင်းအင်အားလိုအပ်မှု၊ တိုကျိုမဟာဗျူဟာ ၂၀၁၈ ၏ မဏ္ဍိုင်(၃)ရပ်အောက်တွင် ဖြစ်ပေါ်တိုးတက်မှုများနှင့် မဲခေါင်ဒေသ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ဂျပန်ဝန်ကြီးချုပ်က မဲခေါင်နိုင်ငံများ၌ JICA မှ ချေးငွေထောက်ပံ့ရေးနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ အရှိန်အဟုန်ဖြင့် ဖော်ဆောင်သွားရန် ဦးတည်ထားသည့် “မဲခေါင်ဒေသ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုမိတ်ဖက်အစီအစဉ်” ကို ကြေညာခဲ့သည်။ နိုင်ငံ့ခေါင်းဆောင်များသည် မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်အောက်မှ လူတိုင်းကျန်းမာရေးဝန်ဆောင်မှုရရှိနိုင်ရေးနှင့် စီးပွားရေး ဆက်ဆံမှု ကျစ်လျစ်ခိုင်မာစေရေး လုပ်ငန်းစဉ်များတွင် တိုးတက်မှုများရရှိအောင် ဆောင်ရွက်သွားရန် ထပ်မံကတိကဝတ် ပြုခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက ပါဝင်ဆွေးနွေးရာ၌ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအပါအဝင် မဲခေါင်နိုင်ငံများ၏ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးအတွက် Avigan ဆေးပြားများ၊ ဆေးပစ္စည်းကိရိယာများ၊ နည်းပညာနှင့်ငွေကြေး အထောက်အပံ့များပေးအပ်မှုနှင့် မဲခေါင်နိုင်ငံများနှင့် စီးပွားဆက်ဆံရေးခိုင်မာလာစေရေး ကြိုးပမ်းမှုတို့အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ COVID-19 ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးပြန်လည်ထူထောင်ရေးအတွက် ဂျပန်နိုင်ငံက “COVID-19 အကျပ်အတည်းဖြေရှင်းရေး အရေးပေါ်ချေးငွေ” ထူထောင်ပေးခြင်း၊ “အာဆီယံ-ဂျပန် စီးပွားရေး ခံနိုင်ရည်ရှိစေရေး လုပ်ငန်းအစီအစဉ်” ချမှတ်ခြင်းနှင့် “ပြည်သူ့ကျန်းမာရေးကဏ္ဍ အရေးပေါ်အခြေအနေများနှင့် ကူးစက်ရောဂါများဆိုင်ရာ အာဆီယံစင်တာ” ထူထောင်ရန် ထောက်ပံ့ခြင်းတို့အတွက် ကျေးဇူးတင်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
COVID-19 ကြောင့် ဖြစ်ပေါ်လာသည့် လူမှုစီးပွားရေးထိခိုက်မှုများအား ပြန်လည်ကုစားရာတွင် ဒေသတွင်းချိတ်ဆက်မှုလမ်းကြောင်း ပြန်လည်ဖွင့်လှစ်ခြင်းသည် အဓိကကျကြောင်း၊ သို့ရာတွင် “ပုံမှန်အနေထားအသစ် (New Normal)” နှင့် ကိုက်ညီမှုရှိစေရန် လုပ်ငန်းဆောင်ရွက် မှုနည်းလမ်းများကို ပြုပြင်သင့်ကြောင်း၊ ဒေသတွင်း ချိတ်ဆက်မှု လမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်မှု၊ ကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုနှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ခြင်းတို့အကြား ဟန်ချက်ညီမျှမှုဖြစ်စေရန် အရေးကြီးကြောင်းကိုလည်း အကြံပြုဆွေးနွေးခဲ့သည်။
ထို့ပြင် ဂျပန်နိုင်ငံက မြန်မာနိုင်ငံ၏ လျှပ်စစ်ဓါတ်အားဖြန့်ဝေခြင်းစနစ် စွမ်းရည်တိုးတက်စေရန် အကူအညီပေးနေမှုများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ဆုများ၊ အထက်တန်း ကျောင်းသားများအား ဂျပန်နိုင်ငံတွင် ပညာသင်ကြားရန်ဖိတ်ခေါ်သည့်စီမံကိန်း (Asia Kakehashi Project) အပါအဝင် များစွာသော အစီအစဉ်တို့ဖြင့် မဲခေါင်နိုင်ငံများမှ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေမှုများအတွက် ကျေးဇူးတင်ရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
အစည်းအဝေးမှ (၁၂)ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေး ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


