နေပြည်တော် ၁၆ အောက်တိုဘာ
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့ညနေပိုင်းတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Virginia Gamba အား ဗီဒီယိုကွန်ဖရင့်ဖြင့် လက်ခံဆွေးနွေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နှစ်စဉ်အစီရင်ခံစာပါ ကလေးစစ်သည် စုဆောင်းမှုနှင့် အသုံးပြုမှုစာရင်းမှ မြန်မာ့တပ်မတော်ကို ပယ်ဖျက်ပေးခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံ၌ ကလေးစစ်သည်စုဆောင်းမှုနှင့် ကလေးသူငယ်များကို အသုံးပြုမှုများ တားဆီးကာကွယ်ရေးအတွက် ဆက်လက်၍ အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ အသိပေးဆွေးနွေး ပြောကြားသည်။
အဆိုပါတားဆီးကာကွယ်ရေးလုပ်ငန်းများ ရေရှည်တည်တံ့မှုရှိစေရန်အတွက် အမျိုးသားအဆင့် စောင့်ကြည့်ကွပ်ကဲသည့် ယန္တရားတစ်ရပ် တည်ထောင်ရန်ဖြစ်နိုင်မှု၊ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်အကြမ်းဖက်ကျူး လွန်မှုများကို တားဆီးကာကွယ်ရေးအတွက် မြန်မာနိုင်ငံ၌ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်တစ်ရပ် ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးသူငယ်များအား ကာကွယ်မှုပေးရေးအတွက် ကုလသမဂ္ဂနှင့် ပူးပေါင်း၍ တိုးမြှင့်ကြိုးပမ်းဆောင်ရွက်ရေး အလားအလာများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


