နေပြည်တော် ၁၄ နိုဝင်ဘာ
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးတွင် ရင်ဆိုင်နေရသည့် အခက်အခဲ အတားအဆီးများအား ဖြေရှင်းရေး၊ နေရပ်ပြန်လာသူများအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်ဖန်တီးရာ၌ ကုလသမဂ္ဂ၊ အာဆီယံတို့နှင့် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်နေမှုများ၊ နိုင်ငံသားလျှောက်ထားမှုလုပ်ငန်းစဉ် ပိုမိုလျှင်မြန်သွက် လက်လာစေရေးကိစ္စ၊ နေရပ်စွန့်ခွာသူများနှင့် ထိတွေ့ရှင်းလင်းပြောကြားရေးကိစ္စ၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် ပြန်လည်စတင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေး ပြန်လည်စတင်ရေးကိစ္စတို့အပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အရေးကိစ္စ၏ သိမ်မွေ့ရှုပ်ထွေးမှုကို ကောင်းစွာ သိရှိနားလည်ရေးနှင့် လက်တွေ့ကျပြီး မျှတသည့် ချဉ်းကပ်ရေးသည် မြန်မာနိုင်ငံရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအား ဖြေရှင်းရာ၌ ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ရေး၏ အဓိကသော့ချက်ဖြစ်ကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။
သတင်းစဉ်


