နေပြည်တော်     ၁၉    ဇွန်

 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယမန်နေ့ ညနေ ၆ နာရီခွဲတွင် ကျင်းပသည့် ရပ်ဝန်းနှင့် ပိုးလမ်းမ နိုင်ငံများအကြား ကိုဗစ်-၁၉ ကူးစက်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ အဆင့်မြင့် ဗီဒီယိုကွန်ဖရင့်သို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ သည်။

 

အစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက သဘာပတိအဖြစ် ဆောင်ရွက်ပြီးရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံ(၂၆)နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် သက်ဆိုင်ရာဝန်ကြီးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် အုပ်ချုပ်ရေးမှူးတို့ပါဝင် တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် ဝန်ကြီးများက ကိုဗစ်-၁၉ ကူးစက်ရောဂါ၏ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် မိမိတို့နိုင်ငံအလိုက် ကြိုးပမ်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြပြီး ကူးစက်ရောဂါအား တိုက်ဖျက်ရာတွင် လိုအပ်သည့် သတင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ ဖလှယ်နိုင်ရေး၊ ပြည်သူ့ကျန်းမာရေးစနစ် စွမ်းဆောင်ရည် မြှင့်တင်ရေး၊ ကျန်းမာရေး ပညာရှင်များအကြား ပူးတွဲလျက် သိပ္ပံနည်းကျသည့် သုတေသန များနှင့် နိုင်ငံတကာဆွေးနွေးပွဲများကို တိုးမြှင့်ပြုလုပ်နိုင်ရေးနှင့် အကူအညီ လိုအပ်သည့် နိုင်ငံများအား အထောက်အပံ့ပေးရေး စသည့်ကဏ္ဍများတွင် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်သွား ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

 

ထို့ပြင် ဝန်ကြီးများက ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးသက်ရောက်မှုများ လျော့ပါးသက်သာ စေရန်အတွက် ဒစ်ဂျစ်တယ် စီးပွားရေး၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းနှင့် စားနပ်ရိက္ခာ ဖူလုံမှုကဏ္ဍများတွင် ရပ်ဝန်းနှင့်ပိုးလမ်းမ အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရေးနှင့် ဖွံ့ဖြိုးမှုနည်းလမ်းသစ်များ ရှာဖွေရေးတို့၏ အရေးပါမှုတို့အပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြသည်။

 

ဝန်ကြီးများသည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းနှင့် ထိခိုက်လွယ်သည့် စီးပွားရေးကဏ္ဍများအတွက် သဟဇာတဖြစ်စေမည့် စီးပွားရေးမူဝါဒများ ချမှတ်သွားရေးနှင့် စီးပွားရေး၊ လူမှုရေး၊ ငွေရေးကြေးရေး၊ ဘဏ္ဍာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့သည့် စီမံကိန်းများ၏ အရေးပါမှုတို့ကို လည်းကောင်း၊ ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း အားဖြင့် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျော့ချရေး၊ စီးပွားရေး နာလန်ထူ ရေးအတွက် အထောက်အကူပြုစေရေးကိစ္စများကိုလည်းကောင်း အလေးပေး ဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မြန်မာနိုင်ငံအစိုးရအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးအတွက် ပြည်သူများ၏ အင်အားနှင့် မိတ်ဖက်များ၏ ပံ့ပိုးမှုကိုရယူ၍ “တစ်နိုင်ငံလုံးပါဝင်သည့် ချဉ်းကပ်မှုပုံစံ” ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် ကူးစက်ရောဂါအား ယနေ့အထိ ထိန်းချုပ်ထားနိုင်သည့် အခြေအနေတွင်ရှိကြောင်း ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးတို့တွင် လူမှုအသိုက် အဝန်းအားလုံး အကျုံးဝင်စေရန် မည်သူတစ်ဦး တစ်ယောက်မျှ မကျန်ရှိ စေရေးမှု”ကို လက်ကိုင်ပြုလျက် နေရပ်စွန့်ခွာသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် မသန်စွမ်းသူများအပါအဝင် လူမှုအသိုက်အဝန်း၏ အလွှာအသီးသီးအတွက် ဆောင်ရွက် ပေးနေမှုများကို အလေးထား ပြောကြားသည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ကူးစက်ရောဂါကြောင့် စီးပွားရေးအပေါ် ထိခိုက်မှု များ လျော့ပါးသက်သာစေရေးအတွက် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် (CERP)ချမှတ် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး ရပ်ဝန်းနှင့် ပိုး လမ်းမနိုင်ငံများအကြား ကူးစက်ရောဂါကို တုံ့ပြန်ဆောင်ရွက်ရာတွင် အကူအညီလိုအပ်သည့် နိုင်ငံများသို့ လိုအပ်သော ဆေးဝါးပစ္စည်းများ ပံ့ပိုးပေးနိုင်မည့် အစီအစဉ်တစ်ရပ် ချမှတ်၍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ပြုလုပ်နိုင်ရေးအတွက် တိုက်တွန်းပြောကြားခဲ့ သည်။ ထို့ပြင် မက်ခရိုစီးပွားရေး မူဝါဒညှိနှိုင်းပေါင်းစပ်မှုမှတစ်ဆင့် ထောက်ပံ့ရေးကွင်း ဆက်လမ်းကြောင်းများကို ဆက်လက် ထိန်းသိမ်းထားနိုင်ရေး၏ အရေးပါမှုနှင့် စားသောက်ကုန်ပစ္စည်းများ၊ အရေးကြီးသည့် ဆေးပစ္စည်းကိရိယာများနှင့် အထောက်အပံ့ များအား နယ်စပ်ဖြတ်ကျော်လျက် လွယ်ကူချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ရေး ကိစ္စရပ် များ၊ မြန်မာ-တရုတ် နယ်စပ်တွင် ကူးစက်ရောဂါထိန်းချုပ်ရေး အစီအမံများကြောင့် ကုန်စည်စီးဆင်းမှုများအဟန့်အတား မဖြစ်စေ ရေးအတွက် ကူညီပံ့ပိုးဆောင်ရွက်ပေးရေး ကိစ္စများအား ပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြောင့် စိန်ခေါ်မှုများ ရှိနေသော်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးတို့အတွက် သက်ဆိုင်ရာ နိုင်ငံများ၏ ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်များ၊ မူဝါဒများနှင့်အညီ ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းများကို ဆက်လက်အကောင် အထည်ဖော်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်း များကို ဆောလျင်စွာ အကောင် အထည်ဖော်ခြင်းနှင့် ကုန်သွယ်မှု မြှင့်တင်ခြင်းတို့ကို အတူတကွ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းကိုလည်း ထည့်သွင်း ပြောကြားသည်။

 

အစည်းအဝေးအပြီးတွင် ရပ်ဝန်းနှင့်ပိုးလမ်းမနိုင်ငံများ၏ အဆင့်မြင့်အစည်းအဝေးက ကိုဗစ်-၁၉ ကူးစက်ရောဂါအား စုစည်းညီညွတ်စွာ တိုက်ဖျက်ရေး ပူးတွဲကြေညာချက်ကို ထုတ်ပြန်ကြေညာသည်။ အဆိုပါအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်နှင့် အဆင့်မြင့်အရာရှိများလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။ 

 

သတင်းစဉ်