နေပြည်‌တော် ၃၀ အောက်တိုဘာ

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးအဖြစ် ခန့်အပ်ခြင်းခံရသူ Mr. Ola Almgren အား ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ ယင်းသို့တွေ့ဆုံစဉ် Mr. Ola Almgren က ၄င်း၏ ခန့်အပ်လွှာကို ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်သည်။

ယင်းနောက် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) အကောင်အထည်ဖော်ရေးတို့တွင် ကုလသမဂ္ဂနှင့် ပိုမို ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားရေး၊ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး စနစ်သစ်၏ အခန်းကဏ္ဍ၊ ရခိုင် ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့် နေရပ်ပြန်လာမည့်သူများအတွက် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရေးတို့အတွက် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)