အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့မွန်းလွဲ ၁ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် (၁၃)ကြိမ်မြောက် မဲခေါင်-ဂျပန် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Motegi Toshimitsu နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Pham Binh Minh တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးများလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဝန်ကြီးများက မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အောက်တွင် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့် လူတိုင်းကျန်းမာရေး ဝန်ဆောင်မှုရရှိစေရေး (Universal Health Coverage) ရည်မှန်းချက်ရရှိစေရန် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စနှင့် COVID-19 အလွန်ကာလ မဲခေါင်ဒေသတွင်း၌ စီးပွားရေး ပြန်လည်တိုးတက်ကောင်းမွန်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို အဓိက ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မဲခေါင်ဒေသတွင်း နိုင်ငံများအနေဖြင့် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုနည်းအောင် ထိန်းချုပ်နိုင်ခဲ့ကြကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ဤနှစ်ဦးပိုင်းမှစ၍ စောစီးစွာ စတင်စောင့်ကြည့်ခဲ့မှု၊ “တစ်နိုင်ငံလုံးပါဝင်သည့် ချဉ်းကပ်ပုံစံ” ဖြင့် ပြည်သူလူထုနှင့် စေတနာရှင်များ၏ ပါဝင်ကူညီမှုကို ရယူဆောင်ရွက်နိုင်ခဲ့မှုတို့ကြောင့် ကပ်ရောဂါကို ယနေ့ထိ ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း၊ မြန်မာအစိုးရအနေဖြင့် ဘဏ္ဍာရေးနှင့် လူမှုစီးပွား ထိခိုက်မှုများအပေါ် ကူညီပံ့ပိုးပေးရေးအတွက် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် (CERP) ကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးနှင့် မဲခေါင်ဒေသစီးပွားရေး ပြန်လည်ကောင်းမွန်ရေးတို့အတွက် ဂျပန်နိုင်ငံနှင့် မဲခေါင်ဒေသနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ပြည်သူ့ကျန်းမာရေး အရေးပေါ်ကိစ္စများအား ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နိုင်ရန်အတွက် မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အောက်တွင် SDG Goal 3 ဖြစ်သည့် “လူတိုင်းကျန်းမာရေး ဝန်ဆောင်မှုရရှိရေး (UHC)” ကိစ္စအား ဦးစားပေးလုပ်ငန်း တစ်ရပ်အဖြစ် ဆောင်ရွက်ကြရန် COVID-19 မဖြစ်ပွားမီကပင် သဘောတူထားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) တွင်လည်း ၂၀၃၀ ပြည့်နှစ်တွင် UHC အောင်မြင်နိုင်ရေး ရည်မှန်းချက်ထည့်သွင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဂျပန်ယန်း (၂)ဘီလီယံတန်ဖိုးရှိ ဆေးဝါးကုသမှုဆိုင်ရာပစ္စည်းနှင့် အသုံးအဆောင်များထောက်ပံ့ခြင်း၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်းအတွက် ဆေး၊ COVID-19 စစ်ဆေးရေးကိရိယာ၊ ဓာတ်ပြုပစ္စည်းများနှင့် Avigan ဆေးဝါးများ ပေးအပ်ခြင်းတို့အတွက် ကျေးဇူးတင်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အစည်းအဝေးအပြီးတွင် “လူတိုင်းကျန်းမာရေးဝန်ဆောင်မှု ရရှိနိုင်မှုအောင်မြင်ရေးနှင့် စီးပွားရေးဆက်ဆံမှု ကျစ်လျစ်ခိုင်မာစေရေးအတွက် မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု” နှင့် ပတ်သက်သည့် ပူးတွဲသဘာပတိကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ ယင်းပူးတွဲကြေညာချက်အရ COVID-19 ကူးစက်ရောဂါဆိုင်ရာ အတွေ့အကြုံကိုအသုံးချပြီး မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများအကြား အချိန်နှင့်တပြေးညီ သတင်းအချက်အလက် မျှဝေသွားရန်၊ ကူးစက်ရောဂါ ပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ သုတေသန ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရန်နှင့် အမျိုးသား ကျန်းမာရေးစနစ် ခိုင်မာစေရေး တည်ဆောက်သွားရန်လည်း သဘောတူခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက် ခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၉ ရက်


