နေပြည်တော် ၂၃ ဧပြီ
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် သည် ယနေ့ နံနက် ၇ နာရီခွဲတွင် video conferencing စနစ်ဖြင့် ကျင်းပသည့် အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ၏ ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ အထူးအစည်းအဝေးသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက် ဆွေးနွေးသည်။
အစည်းအဝေးတွင် အာဆီယံ-အမေရိကန် ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူး လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay KOMMASITH နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Michael Pompeo တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ပြီး၊ အစည်းအဝေးသို့ အာဆီယံအဖွဲ့နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဝန်ကြီးများက ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် လူမှု-စီးပွား ထိခိုက်နစ်နာမှုများ လျော့ပါးသက်သာစေရေးတို့အတွက် မိမိတို့နိုင်ငံအလိုက် ဆောင်ရွက် နေကြသည့် အစီအမံများနှင့် အတွေ့အကြုံကောင်းများကို ဆွေးနွေးဖလှယ်ခဲ့ကြသည်။
ထို့နောက် ဝန်ကြီးများက ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောရေး၊ လူသားအရင်းအနှီး ဖွံ့ဖြိုးတိုးတက် ရေးနှင့် ပြည်သူ့ကျန်းမာရေး မြှင့်တင်ရေးတို့အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် ထပ်လောင်းကတိပြုကြောင်း၊ ကိုဗစ်-၁၉ အပါအဝင် ကူးစက်ရောဂါများ၏ ခြိမ်းခြောက်မှုအန္တရယ်ကို တုံ့ပြန်ရာတွင် အာဆီယံ-အမေရိကန် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာစေရေးသည် အရေးကြီးကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်သည့် တိကျသော သတင်းအချက်အလက်များ၊ ကူးစက်ရောဂါဆိုင်ရာ သုတေသနလုပ်ငန်းနှင့် ကာကွယ်ဆေးနှင့်ဆေးဝါးများ ထုတ်လုပ်ရေးဆိုင်ရာ အတွေ့အကြုံနှင့် အလေ့အကျင့်ကောင်းများကို ဖလှယ်ရန်နှင့် အကျပ်အတည်းကာလတွင် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ အထူးသဖြင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ် အထောက်အကူပြု ပစ္စည်းများ၊ အရေးပါသည့် လယ်ယာထွက်ကုန်များနှင့် အခြား မရှိမဖြစ်ကုန်စည်များ အဆင်ပြေချောမွေ့စွာ သယ်ယူ ပို့ဆောင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် အရေးကြီးကြောင်း ဆွေးနွေးပြောကြားပြီး၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပူးပေါင်းတိုက်ဖျက်ရန်နှင့် ပြည်သူများ၏ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရန်တို့အတွက် လက်ရှိ ယန္တရားများမှတစ်ဆင့် အာဆီယံ-အမေရိကန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်မှု၏ ထိခိုက်နစ်နာမှုများကို ဖြေရှင်းရန်အတွက် ကူးစက်ရောဂါအလွန် ပြန်လည်ထူထောင်ရေးကာလတွင် ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး ကိစ္စရပ်များအပေါ် ဆွေနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင်က ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးတို့တွင် မြန်မာအစိုးရ၏ ကြိုးပမ်း ဆောင်ရွက် ချက်များကို ရှင်းလင်းအသိပေးသည်။
ထို့သို့ ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် ပြည်သူအင်အားကို စုစည်းရယူခြင်း၊ ပြည်သူများအား COVID-19 ကူးစက်ရောဂါအကြောင်း အသိပညာပေးခြင်း၊ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုကို ရယူခြင်းများပြုလုပ်ကာ အစိုးရအဖွဲ့တစ်ရပ်လုံး ပူးပေါင်းပါဝင်သည့် ချဉ်းကပ်မှုပုံစံဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရေးမူကို ကျင့်သုံးလျက် ကူးစက်ရောဂါအကြောင်း အသိပညာပေးလှုပ်ရှားမှု များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပြီး၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ စခန်းများ၊ အကျဉ်းစခန်းနှင့် ထောင်များ အပါအဝင် နိုင်ငံတစ်ဝှမ်းရှိ အသိုက်အဝန်းများအားလုံးထံသို့ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် သတင်းများကို အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေအသိပေးလျက်ရှိကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန အနေဖြင့်လည်း ကူးစက်ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာ လုပ်ငန်းအစီ အစဉ်များကို ချမှတ်၍ နိုင်ငံတစ်ဝှမ်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ စခန်း(၁၂၈)ခုတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါတိုက်ဖျက်ရာတွင် အာဆီယံ-အမေရိကန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အစိုးရ၏ စွမ်းဆောင်ရည် ပိုမိုတိုးတက်ခိုင်မာစေခြင်း၊ အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းနှင့် အကျပ်အတည်းကာလတွင် အရေးပေါ်လိုအပ်သည့် ဆေးဘက်ဆိုင်ရာပစ္စည်းများ ကူညီပံ့ပိုးပေးခြင်းတို့မှတစ်ဆင့် အမျိုးသားအဆင့်နှင့် ဒေသဆိုင်ရာတို့၏ ကူးစက်ရောဂါ တုံ့ပြန်မှုစွမ်းရည် မြှင့်တင်ရေး အတွက် အာဆီယံနှင့် အမေရိကန်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုပိုမို တိုးမြှင့်ရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရေးအတွက် အမေရိကန်အနေဖြင့် မြန်မာနိုင်ငံ အပါအဝင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများထံသို့ အမေရိကန် ဒေါ်လာ(၃၅ဒသမ၃)သန်း ကူညီပံ့ပိုးပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် သင်တန်းများနှင့် ကျောင်းသားများအတွက် ပြည်သူကျန်းမာရေးဆိုင်ရာ ဘာသာရပ် များ သင်ကြားနိုင်မည့် ပညာသင်ဆုများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ ပိုမိုတိုးမြှင့်ပေးအပ်စေလိုကြောင်း၊ စီးပွားရေး အပေါ် ကိုဗစ်-၁၉ ကူးစက်ရောဂါ၏ ထိခိုက်မှုသည် ကြီးမားကျယ်ပြန့်လာရန်ရှိရာ ပို့ဆောင်ရေးကွင်းဆက်လမ်းကြောင်း မပြတ်တောက်စေရေးနှင့် စားနပ်ရိက္ခာနှင့် မရှိမဖြစ်ကုန်ပစ္စည်းများ အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် သက်ဆိုင်သည့် ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့် ကျန်းမာရေးအထောက် အကူပြုပစ္စည်းများ အဆင်ပြေချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြင့်တင်ကြရန် လိုအပ်ကြောင်း၊ ထည့်သွင်းဆွေးနွေးသည်။
အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်


