ဟုမ္မလင်း ၁၆ ဇန်နဝါရီ
နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၊ နာဂမျိုးနွယ်စု တိုင်းရင်းသားခေါင်းဆောင်များ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု(ဗဟို)မှ တာဝန်ရှိသူများနှင့် ယနေ့နံနက် ၈ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့ တောင်ဇလပ်ရိပ်သာ၌ တွေ့ဆုံကာ နာဂဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဗိုလ်ချုပ်သန်းထွဋ်၊ ဦးကြည်မင်း၊ ဦးကျော်လင်း၊ ဦးလှမော်ဦး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဖုန်းမြတ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်းနှင့် တာဝန်ရှိသူများ၊ နာဂမျိုးနွယ်စု တိုင်းရင်းသားခေါင်းဆောင်များနှင့် နာဂရိုးရာ စာပေနှင့်ယဉ်ကျေးမှု(ဗဟို)မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက နိုင်ငံတော်မှ နာဂဒေသ ဘက်ပေါင်းစုံဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများကို ပြောကြားသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က နာဂဒေသအား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးအတွက် ဆောင်ရွက်နေမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် ဖိတ်ခေါ်နေမှုအခြေအနေများနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်း၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် နာဂမျိုးနွယ်စု တိုင်းရင်းသားခေါင်းဆောင်များက ဒေသတွင်ကြုံတွေ့နေရသည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဆက်သွယ်ရေးနှင့် လျှပ်စစ်မီး အခက်အခဲများကို တင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြလာသည့် အခက်အခဲများကို တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်းနှင့် တာဝန်ရှိသူများ၊ နာဂမျိုးနွယ်စု တိုင်းရင်းသားခေါင်းဆောင်များနှင့် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု(ဗဟို) ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေရှီးမြို့မှ တပ်မတော်ရဟတ်ယာဉ်ဖြင့် ဟုမ္မလင်းလေဆိပ်သို့ သွားရောက်၍ ယင်းမှတစ်ဆင့် မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
(သတင်းစဉ်)