ရန်ကုန် ၁၅ ဇွန်
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ယနေ့နံနက်ပိုင်း တွင် အမှတ်(၂၄) အကြီးစားစက်ရုံ(ဒဂုံ)သို့ ရောက်ရှိကာ ပြည်ပအတွေ့အကြုံရှိ မြန်မာပညာရှင်များနှင့်ပူးပေါင်းပြီး စင်ကာပူနိုင်ငံ စမ်းသပ်ခန်းတွင် LNG/ LPG/ CNG/ Biogas နှင့် ဒီဇယ်အသုံးပြု Multi-fuel Engine များအဖြစ် ပြောင်းလဲ အောင်မြင်ပြီး Generator နှင့်တွဲဖက်ကာ Silent Type Gen Set အဖြစ် အဆင့်မြှင့် တင် ထုတ်လုပ်ထားသော 220 KW နှင့် 140 KW Gen Set များ စမ်းသပ် မောင်းနှင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး က ယခုစမ်းသပ်အောင်မြင်မှုမှသည် ဈေး ကွက်ဝင် အဆင့်မြင့်လုံခြုံစိတ်ချရသော ကမ္ဘာ့အဆင့်မီဓါတ်ငွေ့ အင်ဂျင်များအဖြစ် ဆက်လက်ပြောင်းလဲပြီး မီးစက်၊ သင်္ဘော၊ မီးရထားသုံးအင်ဂျင်များနှင့် ပတ်ဝန်းကျင် သန့်ရှင်းမှုကို အထောက်အကူပြုသော အခြားလုပ်ငန်းသုံး ဈေးကွက်ဝင် အင်ဂျင် များထုတ်လုပ်သွားရန်၊ ရရှိလာသော နည်းပညာအသစ်အားဆင့်ပွားသင်တန်းများ ပေး၍ လက်တွေ့ထုတ်လုပ်ဆောင်ရွက်နိုင်သည်အထိ ကြိုးစားပြီး သုတေသနနှင့် စမ်းသပ်တီထွင်မှုများကို အမြဲမပြတ်ဆောင်ရွက်ကြရန်နှင့် ယင်းအဆင့်များကို ပုဂ္ဂလိက၊ အစိုးရတို့ ပူးပေါင်းလုပ်ကိုင်သော PPP စနစ်ဖြင့် ဆက်လက်အကောင် အထည်ဖော်လုပ်ကိုင်သွားရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၂၃) အကြီးစားစက်ရုံ (ညောင်ခြေထောက်)မှ ထုတ်လုပ်ထားသော ထရန်စဖော်မာများ၊ မတ်ရပ်ဖောက် စက်၊ စားပွဲတင်ဖောက်စက်၊ သံဖြတ်လွှစက်၊သံရွှေဘော်စက်၊တွင်ခုံ၊ သံပြားညှပ်စက် များအား ကြည့်ရှုစစ်ဆေးပြီး စက်မှုလုပ်ငန်းများ၊ စက်ရုံများတွင် တွင်ကျယ်စွာ အသုံးပြုနိုင်ရန် စီမံဆောင်ရွက်၍ ဈေးကွက်တွင် ပြည်သူများ လွယ်ကူစွာ ဝယ်ယူနိုင် ရေး ဆောင်ရွက်ပေးရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဗဟန်းရှိ စက်မှုဝန်ကြီးဌာန၊ အရာထမ်း၊ အမှုထမ်းအိမ်ရာများတွင် အဆောက်အဦများနှင့် ပတ်ဝန်းကျင်သန့်ရှင်း သပ်ယပ်မှု၊ ဝန်ထမ်းမိသားစုများ နေထိုင်မှု၊ လျှပ်စစ်နှင့်ရေသုံးစွဲမှု၊ ရေဆိုးနှင့်ရေ နုတ်မြောင်းများ ရေစီးရေလာကောင်းမွန်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)