နေပြည်တော် ၂၀ ဇန်နဝါရီ  

 

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးရုံးဝန်ထမ်းများနှင့် တွေ့ဆုံ၍ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးအရင်းအနှီး၊ နည်းပညာနှင့် အခြားလိုအပ်ချက်များရရှိအောင် အစွမ်းကုန်ကူညီပံ့ပိုး ပေးရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများသို့ ကိုယ်တိုင်သွားရောက်ပြီး လက်တွေ့ကွင်းဆင်းကြည့်ရှုမှသာ ၎င်းတို့၏ အခက်အခဲများကိုသိရှိပြီး ထိရောက်စွာ အကူအညီပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဒေသထွက် စိုက်ပျိုးရေးထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်လာနိုင်စေရန် ၎င်းတို့လိုအပ်သော နည်းပညာများရရှိအောင် ချိတ်ဆက်ပေးရမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုအကျိုးစီးပွားများ မထိခိုက်စေရန်အတွက် ပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စစ်ဆေးကြပ်မတ်ထိန်းကျောင်း တည့်မတ်ပေးရမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကနှင့်ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် ဝန်ထမ်းများ အနေဖြင့် မိမိတို့၏ စွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရေး စဉ်ဆက်မပြတ် လေ့လာသင်ယူကြရန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသည်။ 

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ဆေးဝါးကုန်ကြမ်း စိုက်ခင်းများသို့ရောက်ရှိပြီး ငှက်ဖျားရောဂါကုသဆေးဖြစ်သည့် ကွီနင်းဆာလ်ဖိတ် (Quinine sulphate) ထုတ်လုပ်ရန်အတွက် စင်ကိုနာပင်များ စိုက်ပျိုးထားရှိမှုအခြေအနေ၊ ချောင်းဆိုးပျောက်ဆေး (Chericof) ထုတ်လုပ်ရန်အတွက် မုယာကြီးပင်များ စိုက်ပျိုးထားမှုအခြေအနေနှင့် စင်ကိုနာပျိုးပင်ခြံတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆေးဝါးကုန်ကြမ်းပင်များ အလေအလွင့်မရှိဘဲ စနစ်တကျ မျိုးထိန်းထားရန်၊ ပွင့်လင်းရာသီတွင် တောမီးကူးစက်မလောင်နိုင်စေရေး စိုက်ကွင်းတဝိုက် မီးတားလမ်းများကို ကြိုတင်ဖောက်လုပ်ထားရန်၊ မြေလွတ်ရှိသောနေရာများတွင် ဆေးဝါးကုန်ကြမ်းသီးနှံများအပြင် ရေမြေရာသီဥတုနှင့်ကိုက်ညီမည့် ကော်ဖီပင်နှင့် ဖာလာပင်ကဲ့သို့ အခြားနှစ်ရှည်ပင်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ နိုင်ငံပိုင်မြေလွတ်မြေရိုင်းများကို အကျိုးရှိ ထိရောက်စွာ အသုံးချနိုင်ရေးအတွက် အစိုးရ-ပုဂ္ဂလိက အကျိုးပူးပေါင်းဆောင်ရွက်ကြရန် မှာကြားပြီး ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။ 

 

(သတင်းစဉ်)