နေပြည်တော် နိုဝင်ဘာ ၁၉
၂၀၂၄ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမ၌ ပုလဲအတွဲများ တင်ဒါဖွင့် ဖောက်စစ်ဆေးမှုနှင့် တင်ဒါအောင်သည့် စာရင်းများထုတ်ပြန်ပေးနေမှု၊ မဏိရတနာကျောက်စိမ်း ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာအရောင်းဆိုင်များ ဖွင့်လှစ်ထားရှိမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ယနေ့နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမ အတွင်းခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြပြီး ပြပွဲတွင်ရောင်းချမည့် ပုလဲအတွဲ အမှတ်(၁)မှ အတွဲအမှတ်(၁၄၀)အထိ ပုလဲအတွဲများကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေး၍ ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများ အတွင်းသို့ ထည့်သွင်းကြသည်။
ထို့နောက် ပုလဲအတွဲအမှတ်(၁)မှ အတွဲအမှတ်(၁၄၀)အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာ များကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း(၁၀၈) တွဲရောင်းချရကြောင်း ကြေညာ သည်။
ယနေ့ရောင်းချခဲ့ရသည့် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် အခြေခံဈေးသတ်မှတ်ထားပြီး ဝယ်ယူခွင့် ရရှိသည့် ပြည်ပရတနာကုန်သည်များအနေဖြင့် အမေရိကန် ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ခံသည့် နိုင်ငံခြားငွေအမျိုးအစားဖြင့် လည်းကောင်း၊ ပြည်တွင်း ရတနာကုန်သည်များအနေဖြင့် နိုင်ငံခြားငွေ သို့မဟုတ် ကျပ်ငွေဖြင့်လည်းကောင်း ပေးချေဝယ်ယူနိုင်မည် ဖြစ်သည်။
ပြပွဲတတိယနေ့တွင် ပုလဲအတွဲအမှတ်(၁၄၁)မှ အတွဲအမှတ်(၂၈၀)အထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ဆက်လက်ရောင်းချပေးသွားမည်ဖြစ်သည်။
ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များကို လည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။
ယခုကျင်းပသည့် ၂၀၂၄ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိရတနာကျောက်စိမ်းခန်းမ၌ နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း(၂၈၀)၊ ကျောက်မျက် အတွဲပေါင်း (၁၆၀) နှင့် အုပ်စု(အေ၊ဘီ၊စီ) (၃)အုပ်စုခွဲခြားထားသည့် ကျောက်စိမ်းအတွဲပေါင်း (၄၈၀၀)တို့ကို ပြည်တွင်း ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


