နေပြည်တော်၊ ဇန်နဝါရီ ၁
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ သလပ်ခွာ ကြိုးဝိုင်း၊ အကွက်အမှတ် ၂၁ ရှိ ၂၀၂၃ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးခဲ့သော စီးပွားရေး ပျဉ်းကတိုးစိုက်ခင်း ဧက ၃၅၀ ရှင်သန်အောင်မြင်မှု၊ သလပ်ခွာကြိုးဝိုင်း၊ အကွက်အမှတ် ၂၂ ရှိ ၂၀၂၂ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးခဲ့သော စီးပွားရေး ပျဉ်းကတိုးစိုက်ခင်း ဧက ၄၀၀ အောင်မြင်ဖြစ်ထွန်းနေမှု၊ သလပ်ခွာကြိုးဝိုင်း၊ အကွက်အမှတ် ၃၀ ရှိ ၂၀၂၁ မိုးရာသီတွင် စိုက်ပျိုးခဲ့သော ၁/၂၀၂၁ စီးပွားရေး ပျဉ်းကတိုးစိုက်ခင်း ဧက ၃၅၀ အောင်မြင် ဖြစ်ထွန်းနေမှုအခြေအနေများကို၊ လှည့်လည် ကြည့်ရှုစစ် ဆေးသည်။
စိုက်ခင်းများ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက သစ်တောစိုက်ခင်းများ အောင်မြင်စေရန်အတွက် ဒေသနှင့်ကိုက်ညီသော သစ်မျိုးနှင့် မျိုးကောင်း မျိုးသန့် သစ်စေ့များ ကြိုတင်စုဆောင်းပျိုးထောင်ရေး၊ အချိန်မီစိုက်ပျိုးရေးနှင့် စိုက်ပျိုးပြီးသော အပင်များရှင်သန်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးသည် အရေးကြီးကြောင်း၊ ဒေသခံပြည်သူများအတွက် ကျေးရွာသုံးထင်း စိုက်ခင်များ တည်ထောင်ရေးနှင့် တရားမဝင်သစ် တားဆီးကာကွယ်ရေးတို့ကိုလည်း အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ သလပ်ခွာကြိုးဝိုင်း၊ အကွက်အမှတ် ၂၇ ရှိ ၁/၂၀၁၈ စီးပွားရေး ပျဉ်းကတိုးစိုက်ခင်း၏ ရှင်သန်အောင်မြင်မှုနှင့် စိုက်ခင်းအတွင်း ပင်ကြပ်နှုတ်ခြင်း ဆောင်ရွက်ထားမှု၊ ၂၀၂၂ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးခဲ့သော ပုဂ္ဂလိကသစ်မာ ပျဉ်းကတိုးနှင့် မန်ဂျန်ရှားစိုက်ခင်း ၄၅ ဧက၏ ရှင်သန်အောင်မြင်မှုကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဆင်မကြိုးဝိုင်း၊ အကွက်အမှတ် ၈၉ ရှိ ၂၀၂၃ မိုးရာသီတွင်စိုက်ပျိုးခဲ့သော ကျေးရွာသုံးထင်း မန်ဂျန်ရှား စိုက်ခင်း ၁၀၀ ဧက နှင့် ဆင်မကြိုးဝိုင်း၊ အကွက်အမှတ် ၉၀ ရှိ ၁/၂၀၂၃ စီးပွားရေး ပျဉ်းကတိုးစိုက်ခင်း ဧက၂၅၀ ရှင်သန်အောင်မြင်မှု အခြေအနေကို ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငပုတောမြို့နယ်၊ မဲဇလီကြိုးဝိုင်း၊ အကွက်အမှတ် ၇၁ အတွင်း ပျဉ်းကတိုး၊ ခါတော်မှီနှင့် ကော်ဖီရောနှောစိုက်ခင်း ဧက ၃၉၀ စိုက်ပျိုးထားမှုနှင့် ကော်ဖီစေ့ ထုတ်ယူနေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်