နေပြည်တော် ဧပြီ ၇
ပြင်ဦးလွင်ကော်ဖီစီမံကိန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အမျိုးသားအထိမ်းအမှတ်ဥယျာဉ် ရှင်းလင်းဆောင်၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ခရိုင်အဆင့်ဌာနများမှ တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကော်ဖီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်ဖီစိုက်ပျိုးရန် ခွင့်ပြုထားသော မြေနေရာများတွင် ကော်ဖီပင်များနှင့် အရိပ်ရပင်များကို အမှန်တကယ် အောင်မြင်အောင် စိုက်ပျိုးသွားရန် လိုအပ်ပါကြောင်း၊ ကော်ဖီပင်စိုက်ပျိုးရန်အတွက် မြေရယူပြီး ကော်ဖီပင်စိုက်ပျိုးခြင်း မပြုဘဲ မြေအသုံးချမှု ပြောင်းလဲဆောင်ရွက်ခြင်း မပြုရန်လိုအပ်ပါကြောင်း၊ ကော်ဖီပင်စိုက်ပျိုးရန်အတွက် ခွင့်ပြုချက်ပါ လိုက်နာရမည့် စည်းကမ်းချက်များ အတိုင်း လိုက်နာခြင်း ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးရေး အဖွဲ့များကလည်း အစီရင်ခံစာများ ပြန်လည်တင်ပြပြီးဖြစ်သဖြင့် သက်ဆိုင်ရာဌာန လုပ်ထုံးလုပ်နည်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကကော်ဖီစိုက်ခင်းများကို အကွက်ပြည့်ဖြင့် လွှဲပြောင်းပေးနိုင်ရေး သစ်တောဦးစီးဌာနမှ ပြုစုပြင်ဆင်ထားပြီးဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ကော်ဖီစီမံကိန်းဧရိယာ သစ်တောမြေ အတွင်း ကော်ဖီစိုက်ပျိုးမြေအဖြစ် ခွင့်ပြုခဲ့မှုနှင့် ဆောင်ရွက်ထားရှိမှု၊ ပုဂ္ဂလိက ကော်ဖီ စိုက်ခင်းများကို အကွက်ပြည့်ဖြင့် လွှဲပြောင်းပေးနိုင်ရေးအတွက် အကွက်(Plot)များ ဖွဲ့စီးပြီးစီးမှုနှင့် ကော်ဖီစိုက်ပျိုးခွင့် စာချုပ်များ ပြန်လည်အပ်နှံမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။
ထို့နောက် ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌက ကော်ဖီစိုက်ပျိုးသည့် ဧရိယာများတွင် တရားမဝင်ကျူးကျော်နေထိုင်မှုများအပေါ် ဆောင်ရွက်ထားရှိမှု၊ ကော်ဖီစိုက်ပျိုးရေး အတွက် ခွင့်ပြုထားသောမြေများကို စိုက်ပျိုးခြင်းမရှိခြင်းကြောင့် အရေးယူဆောင်ရွက်ထားရှိမှု၊ ကော်ဖီခြံများ မူလချထားပေးသည့် ဧရိယာအတိုင်းရှိ/မရှိ၊ မူလပိုင်ရှင်အတိုင်း ဟုတ်/မဟုတ် စိစစ်တွေ့မှု၊ ကော်ဖီစိုက်ပျိုးရေး စီမံကိန်းအတွင်းရှိ စည်းကမ်းနှင့် မညီညွတ်သော အဆောက်အဦများ ဖျက်သိမ်းနိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြင်ဦးလွင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ မြို့မြေနှင့် မြေလွတ်၊မြေရိုင်း မြေဧရိယာများတွင် ကော်ဖီစိုက်ပျိုးမြေများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံသစ်တောကျောင်းတွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ အခြေခံ သစ်တောပညာသင်တန်း အမှတ်စဉ်(၁၁၈)ဝင်ခွင့်ဖြေဆိုနေမှု၊ သင်တန်းသားများအတွက် ပရိဘောဂများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ သစ်တောပြတိုက်အတွင်း ဇီဝမျိုးစုံမျိုးကွဲ များပြသထားမှု၊ ကွန်ပျူတာခန်းတွင် သင်တန်းသားများ ကိုသင်ကြားပို့ချနေမှုနှင့် သင်တန်းသားများ အိပ်ဆောင်တွင် ခင်းကျင်းထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း နိုင်ငံတော်အကြီးအကဲ ခရီးစဉ်လမ်းညွှန်ချက်များ အပေါ်လိုက်နာဆောင်ရွက်ထားရှိမှု၊ ရွံ့နွံတောလျှောက်လမ်းရှိ ရေထွက်မှ ရေထွက်ရှိမှု၊ တောင်ဇလပ်နီပင်များ စိုက်ပျိုးထားမှု၊ နှင်းဆီပင်များ စိုက်ပျိုးထားရှိမှု၊ ဂျပန်ချယ်ရီ စိုက်ပျိုးထားရှိမှု၊ အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်းရှိ ရေကန်များမှာ ရေပြည့်အမှတ်သို့ရောက်ရှိ နေပြီး ကန်အမှတ်(၃)နှင့် (၄)အကြား တမံအားဖြည့်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ဒေသပန်းမျိုးများ သုတေသနစင်တာနှင့် စမ်းသပ်စိုက်ခင်းအတွင်း ပန်းပင်များ စမ်းသပ်စိုက်ပျိုးထားရှိမှု၊ တီကျစ်မြေဩဇာ ထုတ်လုပ်နေမှုနှင့် တောတွင်းစက်ဘီးစီး လမ်းကြောင်းဖောက်လုပ်ထားရှိမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ်၊ သစ်တောဦးစီးဌာန၊ အင်းယားပျိုးဥယျာဉ်တွင် ၂၀၂၄ခုနှစ် မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင်များနှင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောများအတွက် ပျိုးပင်များ စုစုပေါင်းပျိုးပင်(၅၅၀၀၀) ကြိုတင် ပျိုးထောင် ထားရှိမှုနှင့် ၂၀၂၂ခုနှစ် မိုးရာသီတွင် စိုက်ပျိုးခဲ့သည့် ဂေဟစနစ်ဖြည့်တင်းရေး စိုက်ခင်း(၃)ဧက ရှင်သန်အောင်မြင်မှုကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)