နေပြည်တော် စက်တင်ဘာ ၁၅
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ မြန်မာနိုင်ငံကော်ဖီအသင်းမှ ကော်ဖီကျွမ်းကျင်ပညာရှင်များနှင့်အတူ မေမြို့ထင်းကြိုးဝိုင်း အကွက်အမှတ်(၂၃) ၁/၁၉၈၅ စီးပွားရေးထင်းရှူးစိုက်ခင်း အတွင်းရှိ သစ်တောဦးစီးဌာနက စမ်းသပ်စိုက်ပျိုး ထားသော ကော်ဖီ(၅)ဧက၏ အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေနှင့် အလားလာကောင်းများရှိနိုင်မှု အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့သို့ ရေပေးဝေလျက်ရှိသည့်အထက် သစ်တစ်ပင် ရေကန်၊ အောက်သစ်တစ်ပင်ရေကန်နှင့် နောင်ခမ်းကြီးကျေးရွာသို့ ရေပေးဝေလျက်ရှိ သည့်နောင်ခမ်းကြီး ရေကန်တို့၏ ရေဝေရေလဲဒေသဖြစ်သော တောင်ပြိုတိုးချဲ့ကြိုးဝိုင်း အကွက်အမှတ် (၇)အတွင်းတည်ထောင် စိုက်ပျိုးထားသည့် ၁/၂၀၁၇ ရေဝေရေလဲစိုက်ခင်း(၁၀၀)ဧကအား သွားရောက်စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့တွင် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအောက်ရှိ သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်းနှင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန ရုံးများသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ နိုင်ငံဝန်ထမ်းကောင်း ပီသစွာဖြင့် ရည်မှန်းချက်တာဝန် များကို ကျေပွန်စွာထမ်းဆောင်သွားကြရန်၊ တာဝန်ထမ်းဆောင်ကြရာတွင် ဌာနအချင်းချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု (Team Work)အား ကောင်းကောင်း ဖြင့်ဆောင်ရွက်သွားကြရန်၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်များအတိုင်း လိုက်နာနေထိုင်ကြရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မေမြိုထင်းကြိုးဝိုင်းအတွင်း သစ်တောဦးစီးဌာနနှင့် စာချုပ်ချုပ်ဆို စိုက်ပျိုးနေသော ကော်ဖီခြံများအားကြည့်ရှုစစ်ဆေးပြီး မြန်မာနိုင်ငံသစ်တောကျောင်းက တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်ထားသည့် လေ့ကျင့်ရေးသစ်တော (၅၀၀)ဧက အတွင်းလှည့်လည်ကြည့်ရှု စစ်ဆေးကာ သဘာဝတောထိန်းသိမ်းမှုကောင်းမွန်၍ ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝသည့်အတွက် လေ့ကျင့်ရေးသစ်တောအား ဆက်လက်၍ ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရန် မှာကြားခဲ့သည်။
(သတင်းစဉ်)


