နေပြည်တော်၊ ဖေဖေါ်ဝါရီ ၈
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့နံနက်ပိုင်းက မကွေးမြို့ရှိ ဒေါင်းနေအမြဲတမ်း ပျိုးဥယျာဉ်၌ ဒေသခံများ၊ ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ ဆရာမများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ ဆရာမများနှင့် ဒေသခံများကို သင်ကြားရေး အထောက်အကူပြုပစ္စည်းများ၊ ထောက်ပံ့ငွေနှင့် စွမ်းအင်ချွေတာနိုင်သော စွမ်းအားမြှင့် မီးဖိုများပေးအပ်ပြီ ပျိုးဥယျာဉ်အတွင်း သစ်မျိုး (၁၂) မျိုးဖြင့် ပျိုးပင်တစ်သိန်းကျော် ပျိုးထောင်ထားရှိမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့နယ်၊ ဂဲကြီးကုန်းကျေးရွာရှိ (၁/၂၀၂၂) ကျေးရွာသုံး ထင်းစိုက်ခင်း ဧက (၂၀) နှင့် (၁/၂၀၂၃) ကျေးရွာသုံး ထင်းစိုက်ခင်း ဧက (၂၀) ရှင်သန်အောင်မြင်မှုကို လည်းကောင်း၊ မကွေးမြို့ မြို့မပျိုးဥယျာဉ်အတွင်း သစ်မျိုး (၁၇) မျိုးဖြင့် ပျိုးပင် (၇၅,၀၀၀) ကျော် ပျိုးထောင်ထားရှိမှုနှင့် ပျိုးပင်များ၏ ကြံ့ခိုင်သန်စွမ်းမှု အခြေအနေကိုလည်းကောင်း၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာနရုံး၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနရုံး၌ တိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ သဘာဝသစ်တောများ ထိန်းသိမ်းခြင်း၊ စိုက်ခင်းများ တည်ထောင်ခြင်း၊ ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ တိုးချဲ့ဖွဲ့စည်းခြင်း၊ ရေဝေရေလဲဒေသများထိန်းသိမ်းခြင်း၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ခြင်း၊ တရားမဝင်သစ်နှင့် သတ္တုထုတ်ယူခြင်းများ တားဆီးရေး လုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အဂတိတရား ကင်းရှင်းစွာဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန် လိုကြောင်းမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် မကွေးခရိုင် မြို့သစ်မြို့နယ် မြို့သစ်ကြိုးဝိုင်း အကွက်အမှတ် (၄)၊ (၅)၊ (၆ ) ရှိ သဘာဝ တောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်း ဧက (၁,၀၀၀) အတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကွေးခရိုင် တောင်တွင်းကြီးမြို့နယ် ငမင်ကြိုးဝိုင်း အကွက်အမှတ် (၂၁၆) ရှိ (၁/၂၀၂၀) စီးပွားရေးကျွန်းစိုက်ခင်း ဧက (၁၅၀) ရှင်သန်အောင်မြင်နေမှု၊ ငမင်ကြိုးဝိုင်း၊ အကွက်အမှတ် (၂၁၆)၊ (၂၁၈) ရှိ တရုတ် - မြန်မာ ချစ်ကြည်ရေး သစ်မျိုးစုံစိုက်ခင်း ဧက (၁၀၀) ရှင်သန်အောင်မြင်မှုနှင့် ထိန်းသိမ်းစောင့်ရှောက်ထားမှု၊ ငမင်ကြိုးဝိုင်း၊ အကွက်အမှတ် (၂၁၅) ရှိ (၁/၂၀၁၂) စီးပွားရေး ကျွန်းစိုက်ခင်း (၇၅) ဧကနှင့် အကွက်အမှတ် (၂၁၈) ရှိ (၂/၂၀၁၂) စီးပွားရေး ကျွန်းစိုက်ခင်း (၇၅) ဧက ပင်ကျပ်နုတ်ခြင်း ဆောင်ရွက်နေမှု၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ် ငလိုက်ကြိုးဝိုင်း အကွက်အမှတ် (၂၉) ၊ (၃၀) ရှိ ၂၀၁၉ ခုနှစ် သစ်မျိုးစုံ ဂေဟဖြည့်စိုက်ခင်း ဧက (၁၀၀) ရှင်သန်အောင်မြင်မှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်