နေပြည်တော်   ဖေဖော်ဝါရီ   ၇

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ် ကိုးကွေ့ကြိုးဝိုင်း အကွက်အမှတ်(၂)(၃)ရှိ (၃/၂၀၂၃) ကျေးရွာသုံး ထင်းစိုက်ခင်း ဧက(၅၀)သို့ရောက်ရှိပြီး စိုက်ခင်းရှင်းလင်းဆောင်၌ တာဝန်ရှိသူများ နှင့်တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကျေးရွာနေပြည်သူများ ထင်းလိုအပ်ချက်အတွက် သဘာဝတောအား မှီခိုနေရမှုကိုလျော့ချရန်နှင့် ပတ်ဝန်းကျင်စိမ်းလန်းသာယာစေရန် ကျေးရွာသုံးထင်းစိုက်ခင်းများကို တည်ထောင်ပေးလျက်ရှိကြောင်း၊ စိုက်ခင်းတည်ထောင်ခြင်းနှင့်အတူ သဘာဝတောများ ထိန်းသိမ်း ကာကွယ်ရေး၊ ကွက်လပ်ဖြည့်စိုက်ပျိုးခြင်းနှင့် တစ်အုပ်တစ်မ သစ်တောအုပ်များဖြစ်အောင် စိုက်ပျိုးခြင်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားပြီး ကျေးရွာသုံးထင်းစိုက်ခင်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြိုင်သာယာ အဆိုပြု ကြိုးပြင်ကာကွယ်တောအတွင်း စိုက်ပျိုးထားသော(၂/၂၀၀၉)အထူးစိမ်း တောထိန်းကွက်လပ်ဖြည့် စိုက်ပျိုးခြင်း အပင်(၆၀၀၀) နှင့် တောင်နီတောင် သဘာဝတော ထိန်းဧရိယာအတွင်း စိုက်ပျိုးထားသော ၂၀၁၈ ခုနှစ် အထူးစိမ်းကွက်လပ်ဖြည့်စိုက်ပျိုးခြင်း အပင်(၃၀၀၀)၏  ရှင်သန်မှုနှင့် ထိန်းသိမ်းဆောင်ရွက် ထားမှုကို လည်းကောင်း၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(KOICA) အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သော ညောင်ဦးမြို့နယ်ရှိ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးစီမံကိန်းဇုန်(၄) သစ်မျိုးစုံစိုက်ခင်း ဧက(၆၀၀)အတွင်း စီမံကိန်းဇုန်များအလိုက် လုပ်ငန်းဆောင်ရွက်ခဲ့မှုများကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ညောင်ဦးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနရုံးသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ညောင်ဦးမြို့၊ နဘူးတောသစ်တောပျိုးဥယျာဉ်အတွင်း လူထုဖြန့် စိုက်ပျိုးရန် သစ်မျိုး(၁၆)မျိုးဖြင့် ပျိုးပင်(၆၀,၀၀၀)ကျော် ပျိုးထောင်ထားရှိမှုနှင့် ညောင်ဦးမြို့နယ် ပလင်းကမ်း သာယာဆင်စခန်း၌ ဆင်ထိန်းသိမ်းရေးအခြေပြုခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှု၊ ဆင်ပြတိုက်အတွင်း ပြသထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ နတ်ကန်ဦး ကြိုးပြင်ကာကွယ်တောရှိ အထူးစိမ်းလန်းစိုပြည်ရေးစီမံကိန်း Greening Complex Zone ဧရိယာအတွင်း စိုက်ပျိုးထားသော (၂/၂၀၂၂) ဖြည့်စွက်အထူးစိမ်းစိုက်ခင်း အပင် (၁၁,၀၀၀)၏ ရှင်သန်အောင်မြင်မှုကို  ကြည့်ရှုစစ်ဆေးပြီး   နှစ်အလိုက်စိုက်ပျိုးခဲ့သော သစ်မျိုး၊ မြေအတန်းအစား၊ ရေလိုအပ်ချက်နှင့် စိုက်ပျိုးနည်းစနစ်များ သုတေသနပြုလုပ်ပြီး ရရှိလာသော ရလဒ်များကိုအခြေခံ၍ အခြားဧရိယာများ တွင်လည်း အောင်မြင်အောင် ဆောင်ရွက်ရေးမှာကြားပြီး စီမံကိန်းဧရိယာအတွင်း စိုက်ပျိုးထားသော အထူးစိမ်းပင်(၃၅၀၀)နှင့် အပူပိုင်းဒေသ ရေဝေရေလဲ ဧရိယာများအတွက် အရေးကြီးသော(၁/၂၀၂၃)ရေဝေ ရေလဲစိုက်ခင်း(၇၅)ဧက၏ ရှင်သန်အောင်မြင်မှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

(သတင်းစဉ်)