နေပြည်တော် ဇန်နဝါရီ ၁၅

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ရှိ သစ်တောဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနရုံးတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် လဟယ်၊ နန်းယွန်း၊ လေရှီးမြို့နယ် (၃)မြို့နယ်ပါဝင်ပြီး သစ်တောဖုံးလွှမ်းမှုအနေဖြင့် ၅၆ ဒဿမ ၀၁ ရာခိုင်နှုန်းရှိကြောင်း၊ သဘာဝသစ်တောများထိန်းသိမ်းရေး၊ သစ်တောပြုန်းတီးမှု ကာကွယ်ရေးနှင့် ရွှေ့ပြောင်းတောင်ယာများ လျော့နည်းပပျောက်စေရေးအတွက် ဒေသခံပြည်သူများအား အသိပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပွင့်လင်းရာသီတွင် တောမီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူငွေ့ဖြစ်ပွားမှု ပပျောက်စေရေးအတွက် ဆက်စပ်ဌာနများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင် လေထုအရည်အသွေးနှင့် ရေအရည်အသွေးများကို ပုံမှန်တိုင်းတာ ထုတ်ပြန်ပေးသွားရန်လိုကြောင်း၊ တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ထုတ်ယူသယ်‌ဆောင်မှု မရှိစေရေး တားဆီးသွားရန်နှင့် သစ်တောများ၏ ဂေဟစနစ်နှင့် ဇီဝမျိုးစုံ မျိုးကွဲများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက် သွားရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတာဝန်ကျရာဒေသတွင် ဝန်ထမ်းကောင်းပီသစွာဖြင့် တိုင်းပြည်အကျိုးကို တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်