နေပြည်တော် နိုဝင်ဘာ ၂၂

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဒက္ခိဏစက်မှုဇုန်ရှိ နရိန္ဒြာစိုက်ပျိုးရေး ထွက်ကုန်တန်ဖိုးမြှင့်ထုတ်လုပ်ရေးလုပ်ငန်း၏ မျှစ်ခြောက် ထုတ်လုပ်တင်ပို့မှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းတာဝန်ခံက မျှစ်ခြောက်ထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ကုန်ကြမ်းရရှိမှုအခြေအနေ၊ မျှစ်ခြောက်ထွက်ကုန်များအား ဂျပန်နိုင်ငံသို့ နှစ်စဉ်တင်ပို့နေမှု အခြေအနေ၊ ဝါးစိုက်ခင်းတည်ထောင်ထားမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် နိုင်ငံတော်ကအထူး အလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊  ယခု မျှစ်ခြောက်ထုတ်လုပ်မှုလုပ်ငန်း အတွက် လိုအပ်သောကုန်ကြမ်းများ စဉ်ဆက်မပြတ်ရရှိရေး၊ ဝါးစိုက်ခင်းများ တည်‌ထောင်ခြင်းနှင့် လိုအပ်သော ဝါးစိုက်ပျိုးရေးနည်းစနစ်များ ပံ့ပိုးရေးကိစ္စရပ်များနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားပြီး မျှစ်ခြောက်ထုတ်လုပ်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်အား လှည့်လည်ကြည့်ရှုစစ်ဆေးကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)