နေပြည်တော် မတ် ၈

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကြေးတိုင် နှင့်မြေစာရင်းဦးစီးဌာန၊ သစ်တော ဦးစီးဌာနနှင့် မြေတိုင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင် မြို့နယ်အတွင်းရှိ မြေအသုံးချမှု ပြောင်းလဲမှုများကို လေယာဉ်ဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ သစ်တောမြေဖြစ်သော ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများအတွင်း တရားမဝင် ကျူးကျော် ဝင်ရောက်နေမှုများ၊ မြေလွတ် မြေရိုင်းနှင့် လယ်ယာမြေများအား ခွင့်ပြုချက်မရဘဲ အခြားမြေ အသုံးချမှုအဖြစ် ပြောင်းလဲအသုံးချ နေမှုများနှင့် အစိုးရစီမံခန့်ခွဲပိုင်ခွင့် ရှိသောမြေများတွင် ခွင့်ပြုချက်မရှိဘဲ မြေအသုံးချနေမှုများကို လေယာဉ်ဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

ကွင်းဆင်းစစ်ဆေး

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ပြင်ဦးလွင်မြို့နယ်အတွင်း သစ်တောဖုံးလွှမ်းမှု တိုးပွားလာစေရေးနှင့် စိမ်းလန်းစိုပြည်စေရေးအတွက် သဘာဝတောများ ထိန်းသိမ်းခြင်း၊ စနစ်တကျစီမံ အုပ်ချုပ်ခြင်း၊ ရေဝေရေလဲဒေသ များထိန်းသိမ်းခြင်း၊ သစ်တော စိုက်ခင်းများ တည်ထောင်ခြင်း တို့ကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ တရားမဝင် ကျူးကျော် အခြေချခြင်းများနှင့် တရားမဝင် မြေအသုံးချခြင်းများ မရှိစေရန်၊ မြေအသုံးချနေမှုများ ဥပဒေနှင့်အညီ စနစ်ကျမှန်ကန်စေ ရန် သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များစုဖွဲ့ပြီး မြေပြင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်သည်။

 

ထို့ပြင် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများ၊ တောမီးနှင့် မီးခိုးမြူငွေ့ အန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများကို ထိရောက်စွာ ကြီးကြပ် ဆောင်ရွက်နိုင်ရန်အတွက် လေယာဉ်ဖြင့်လှည့်လည် စစ်ဆေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်