နေပြည်တော် ဒီဇင်ဘာ ၂
ပုဂ္ဂလိကသစ်တောစိုက်ခင်းများနှင့် သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိ သူများ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ သစ်အခြေခံအသင်းအဖွဲ့များ၊ ကြိမ်ဝါးနှင့် ပရိဘောဂ လုပ်ငန်းရှင်များ၊ ပုဂ္ဂလိကသစ်တောစိုက်ခင်း လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် ၂၀၂၀ ပြည့်နှစ်တွင် ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိပြီး ၂၀၂၅ ခုနှစ်တွင် ၄၂ ဒသမ ၁၅ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းကြောင်း၊ သစ်အခြေခံ စက်မှုလုပ်ငန်းများအတွက် ကုန်ကြမ်းလိုအပ်ချက်များ ဖြည့်ဆည်းပေးရန် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကသစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးလျက်ရှိကြောင်း၊ သစ်အခြေခံစက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းရှင်များအနေဖြင့် စျေးကွက်သစ်များ ရှာဖွေခြင်း၊ ဒေသတွင်း နိုင်ငံများ၏ ပြည်ပတင်ပို့မှု/ တင်သွင်းမှု အခြေအနေများကို လေ့လာပြီး ကြိုးစားဆောင်ရွက်သွားရန်လိုကြောင်း။
သစ်အခြေခံပုဂ္ဂိလကဏ္ဍ၏ ပြည်ပဝင်ငွေမှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၄ သန်းကျော်ရရှိခဲ့ပြီး ယခုထက်ပို၍ ရရှိအောင် လုပ်ငန်းရှင်များအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ ဌာနအပိုင်းကလည်း လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စျေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော သစ်၊ ဝါး၊ ကြိမ် အချောထည်များကို နည်းပညာအသုံးပြု၍ တိုးမြှင့်ထုတ်လုပ် တင်ပို့နိုင်ပါက အလုပ်အကိုင်အခွင့်အရေးများ ပိုမိုရရှိစေမည့်အပြင် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း အထောက်အကူပြုစေမည်ဖြစ်သည့်အတွက် သစ်အခြေခံ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် ဌာနနှင့် လုပ်ငန်းရှင်များပေါင်းစပ်၍ ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ခင်းကျင်းပြသထားသော သစ်၊ ဝါး၊ ကြိမ် အခြေခံ အချောထည်များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ တက်ရောက်လာသူများက သစ်အခြေခံစက်မှုလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကသစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ ပြုစုထိန်းသိမ်းခြင်း၊ ခုတ်လှဲထုတ်လုပ်ရောင်းချခြင်း၊ သစ်၊ ဝါး၊ ကြိမ် အချောထည်များနှင့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ ပြည်ပတင်ပို့ခြင်း ကိစ္စရပ်များကို တင်ပြဆွေးနွေးကြပြီး မွန်းလွဲပိုင်းတွင် အုပ်စုအဖွဲ့များခွဲ၍ ဌာနနှင့် ပုဂ္ဂလိကစိုက်ခင်းကဏ္ဍမှ ကုန်ကြမ်း စဉ်ဆက်မပြတ်ရရှိရေး၊ သစ်အခြေခံ စက်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့်နိုင်ရေး ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြောင်းသိရသည်။
သတင်းစဉ်


