နေပြည်တော်   ဒီဇင်ဘာ   ၁၄

 

သစ်တောများနှင့် ရေသယံဇာတများသည် ကမ္ဘာ့သက်ရှိများ ရှင်သန်ရပ်တည်နေနိုင်ရေး ဘဝပံ့ပိုးမှုစနစ်အတွက် မရှိမဖြစ်လိုအပ်သည့် သဘာဝသယံဇာတများ ဖြစ်ကြောင်း၊ သဘာဝ သယံဇာတရေအရင်းအမြစ်များ စဉ်ဆက်မပြတ် တည်တံ့ရန်နှင့် ရေရှည်အသုံးချနိုင်ရန်အတွက် ရေဝေရေလဲဒေသ သစ်တောများ ထိန်းသိမ်းရေးနှင့် စနစ်တကျ စီမံအုပ်ချုပ်ရေးသည် အလွန်အရေးပါသည့် အခန်းကဏ္ဍအဖြစ် ပါဝင်နေကြောင်း ယနေ့ နံနက် ၈ နာရီခွဲက သစ်တောသုတေသနဌာန၊ စုဝေးခန်းမ၊ နေပြည်တော်တွင် ကျင်းပသည့် ရေဝေရေလဲဒေသ ထိန်းသိမ်းရေးသင်တန်းဖွင့်ပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရေဝေရေလဲဒေသအတွင်းရှိသော ရေ၊ မြေ၊ တောတောင်နှင့် သစ်တောသယံဇာတ တစ်မျိုးမျိုးသည် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်စေ၊ လူသားများ၏ ပယောဂကြောင့်ဖြစ်စေ ပျက်စီးသည့်အခါ အခြားသယံဇာတများအပေါ် သက်ရောက်မှုဖြစ်ပေါ်စေပြီး လူသားများအပါအ၀င် သက်ရှိသတ္တဝါများနှင့် သဘာ၀ပတ်၀န်းကျင်အပေါ် ဆိုးကျိုးများ ဖြစ်ပေါ်စေသည့်အတွက် ရေအရင်းအမြစ်များနှင့် ရေဝေရေ လဲဒေသများ၊ သစ်တော သယံဇာတများကို အထူးဦးစားပေးလုပ်ငန်းအဖြစ် ထိန်းသိမ်းရန် လိုအပ်ကြောင်း။

 

သစ်တော သယံဇာတများနှင့် ရေအရင်းအမြစ်များ ထာဝစဉ်တည်တံ့စေရန်နှင့် စနစ်တကျ ထိန်းသိမ်းစီမံအုပ်ချုပ်ရန် ဘက်စုံရေဝေရေလဲ ဒေသအုပ်ချုပ်ရေး စနစ်တစ်ရပ်ကို ကမ္ဘာ့နိုင်ငံများနည်းတူ ကျင့်သုံးအကောင်အထည်ဖော် ဆောင်လျက်ရှိကြောင်း၊ အထူးသဖြင့် နေပြည်တော်နယ်မြေအတွင်းရှိ အဓိက ရေအရင်းအမြစ်(၃)ခုဖြစ်သည့် ပေါင်းလောင်းချောင်း၊ ဆင်သေချောင်းနှင့် ငလိုက်ချောင်းများ၏ ရေအရင်းအမြစ်များ ရေရှည်တည်တံ့ရေးအတွက် ရေဝေရေလဲသစ်တောများကို စနစ်တကျ စိုက်ပျိုးထိန်းသိမ်းရန် အရေးကြီးကြောင်း၊ ယင်းချောင်း (၃)ချောင်းသည် မြန်မာနိုင်ငံ၏ အဓိကရေဝေရေလဲဒေသကြီး (၂)ခုဖြစ်သည့် ဧရာဝတီနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသနှင့် စစ်တောင်းမြစ်ဝှမ်းဒေသအတွင်း၌ရှိသည့် ရေဝေရေလဲ ဒေသငယ်များ (Micro Watersheds) ဖြစ်ကြောင်း။

 

သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၁ ခုနှစ် (၆ လ ဘဏ္ဍာနှစ်)မှ စတင်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာ နှစ်အထိ ဆောင်ရွက်မည့် ပေါင်းလောင်းဆည်၊ ဆင်သေဆည်၊ ငလိုက်ဆည် ရေဝေရေလဲဒေသ ထိန်းသိမ်းရေးလုပ်ငန်း စီမံချက်တစ်ရပ်ကို ရေးဆွဲဖော်ထုတ်ပြီး ရေဝေရေလဲ ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်း(၁၈)မျိုးကို နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်နှင့် ရှမ်းပြည်နယ်၊ ကလောမြို့နယ်များတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် မြေပြင်ကွင်းလုပ်ငန်းများ ဆောင်ရွက်မည့် ဝန်ထမ်းများ လုပ်ငန်းတစ်ခုချင်းအလိုက် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ နည်းစနစ်များကို သိရှိနားလည်ရန် လိုအပ်သကဲ့သို့ လက်တွေ့ကျွမ်းကျွမ်းကျင်ကျင် အကောင်အထည်ဖော်ဆောင်နိုင်ရန်လည်း လိုအပ်ကြောင်း မှာကြားသည်။

 

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးမှ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ သုတေသီများ၊ သင်တန်း ဆရာ၊ ဆရာမများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်