နေပြည်တော် ဇန်နဝါရီ ၂၄
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရှိ ရွှေပင်လယ် ကြိမ်အချော ထည်စက်ရုံသို့ရောက်ရှိပြီး ကြိမ်အချောထည်ထုတ်လုပ်နေမှု လုပ်ငန်း အဆင့်ဆင့်အား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဗိုလ်တထောင်မြို့နယ်ရှိ သစ်တောထွက်ပစ္စည်း ဖက်စပ် ကော်ပိုရေးရှင်းရုံးတွင် သစ်အခြေခံ၊ ကြိမ်နှင့်ဝါးလုပ်ငန်းရှင်များ၊ ဌာနမှတာဝန်ရှိ သူများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန် သစ်တောသယံဇာတ ထုတ်ယူသုံးစွဲခြင်းအား အကန့်အသတ်ဖြင့် ထုတ်ယူလျက်ရှိကြောင်း၊ သစ်အခြေခံစက်မှုလုပ်ငန်းများအတွက် လိုအပ်သော ကုန်ကြမ်းများကို သဘာဝတောများနှင့် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်စိုက်ခင်းများမှ ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ အလားတူ ဝါးနှင့် ကြိမ်လုပ်ငန်းများ အတွက် သဘာဝတောများမှ နှစ်စဉ်ထုတ်လုပ်နိုင်သော ဝါးလုံးရေ ၃၁၈ သန်းနှင့် ကြိမ်လုံးရေ ၇၇ သန်းရှိပြီး ပုဂ္ဂလိကဝါးစိုက်ခင်းများတည်ထောင်မှုကိုလည်း စိစစ်ခွင့်ပြု ပေးလျက် ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သစ်အခြေခံစက်မှုလုပ်ငန်းများနှင့် ကြိမ်၊ ဝါး အချောထည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် လုပ်ငန်းရှင်များအနေဖြင့် စျေးကွက်သစ်များရှာဖွေရာတွင် ဒေသတွင်းနိုင်ငံများ၏ ပြည်ပတင်ပို့မှု/တင်သွင်းမှု အခြေအနေများကို လေ့လာပြီး ကြိုးစားဆောင်ရွက် သွားရန်လိုကြောင်း၊ သစ်အခြေခံ၊ ကြိမ်နှင့် ဝါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပုဂ္ဂလိကအခန်းကဏ္ဍမှာ အရေးကြီးကြောင်း၊ အဆိုပါ ပုဂ္ဂလိကလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေရေး၊ ကုန်ကြမ်းရ ရှိရေးနှင့် ထုတ်လုပ်ပြီးသော ကုန်ချောများ တင်ပို့ရာတွင် အဆင်ပြေ ချောမွေ့မှု ရှိစေရေးအတွက် ဌာနနှင့် လုပ်ငန်းရှင်များ ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းရှင်များက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ကုန်ကြမ်းရရှိမှု၊ ကုန်ချောထုတ်လုပ်မှုနှင့် စျေးကွက်အခြေအနေ၊ တွေ့ကြုံရသော အခက်အခဲများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး တာဝန်ရှိသူများ၏ ဖြည့်စွက်တင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


