နေပြည်တော် ဩဂုတ် ၂၄
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်ရှိ အင်းပြင်ပျိုးဥယျာဉ်သို့ ရောက်ရှိစစ်ဆေးသည်။
ကြည့်ရှု့စစ်ဆေးစဉ်ပြည်ထောင်စုဝန်ကြီးက ကလောမြို့ကို ထင်းရှူးမြို့တော် ဖြစ်စေရေးအတွက် ထင်းရှူးစိုက်ခင်းများ တည်ထောင်ခြင်း၊ တစ်အုပ်တစ်မစိုက်ပျိုးခြင်း၊ ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း၊ လမ်းဘေးဝဲယာ စိုက်ပျိုးခြင်းများ အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန်နှင့် ၂ ပေအထက်ပျိုးပင်များ စဉ်ဆက်မပြတ်ရရှိစေရေးအတွက် ပျိုးဥယျာဉ်များတွင် ပျိုးပင်များ ကြိုတင်ပျိုးထောင်ထားရန်၊ အင်းလေးကန် စိမ်းလန်းစိုပြည်ရေးအတွက် အင်းလေးကန် ရေဝေရေလဲဒေသရှိ သစ်တောများ ထိန်းသိမ်းကာကွယ်ရန်နှင့် ရေဝေရေလဲသစ်တောစိုက်ခင်းများ တိုးချဲ့ တည်ထောင်သွားရန် မှာကြားကာ အင်ပြင်ပျိုးဥယျာဉ်အတွင်း သစ်မျိုး ၈ မျိုးဖြင့် ပျိုးပင် ၄၈,၀၀၀ ကြိုတင် ပျိုးထောင်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ကလောမြို့နယ်၊ အောင်ပန်းကြိုးဝိုင်းအတွင်းရှိ ၂၀၂၄ ခုနှစ် စက်မှုကုန်ကြမ်း ထင်းရှူးစိုက်ခင်း ၆၅ ဧက နှင့် ၂၀၂၂ ခုနှစ် ကွက်လပ်ဖြည့် ထင်းရှူးစိုက်ခင်း ၂၂ ဧက၏ အောင်မြင်ဖြစ် ထွန်းနေမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ဆက်လက်၍ ကလောမြို့နယ်၊ သီခေါင်တောင် ကြိုးပြင်ကာကွယ်တောအတွင်းရှိ ၂၀၂၃ ခုနှစ် အာဆီယံလမ်းမကြီးဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုးခြင်း ၆ ဧကနှင့် တစ်အုပ်တစ်မ ထင်းရှူးပင် ၃၂၀၀ ၏ ရှင်သန်အောင်မြင်မှုအခြေအနေကို လည်းကောင်း၊ ၂၀၂၃ ခုနှစ် ကွက်လပ်ဖြည့်ထင်းရှူး စိုက်ခင်း ၃၅ ဧက နှင့် ၂၀၂၄ ခုနှစ် စက်မှုကုန်ကြမ်း ထင်းရှူးစိုက်ခင်း ၈၅ ၏ ရှင်သန်မှု အခြေအနေကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့နယ်၊ ဟဲဟိုးပျိုးဥယျာဉ်အတွင်း အာဆီယံလမ်းဘေးဝဲယာစိုက်ပျိုးခြင်း၊ အင်းလေးကန်စိမ်းလန်းစိုပြည်ရေး စိုက်ပျိုးခြင်းနှင့် လူထုဖြန့် စိုက်ပျိုးခြင်းများအတွက် သစ်မျိုး ၁၅ မျိုးဖြင့်ပျိုးပင် ၁၀၇,၀၀၀ ပျိုးထောင်ထားရှိမှုကိုလည်းကောင်း၊ ဟဲဟို-ဘော်ဆိုင်းကားလမ်း တစ်လျောက်လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်စေရေးအတွက် ၂၀၂၂ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးခဲ့သော လမ်းဘေး ဝဲယာထင်းရှူးပင် ၃၂,၀၀၀ နှင့်တောင်ကုန်းများ မြေဆီလွှာ တိုက်မှုကာကွယ်ရေးအတွက် တစ်အုပ်တစ်မ ထင်းရှူးပင် ၂၁,၆၀၀ ၏ အောင်မြင်ဖြစ်ထွန်းနေမှုတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးထားသည့် အပင်များဆက် လက်ရှင်သန်ရေးနှင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားသည်။
ဆက်လက်၍ တောင်ကြီးမြို့နယ်၊ တောင်လေးလုံးပျိုးဥယျာဉ်အတွင်း အင်းလေးကန် ရေဝေရေလဲ ထိန်းသိမ်းရေးစိုက်ခင်းနှင့် လူထုဖြန့်စိုက်ပျိုးခြင်းအတွက် ပျိုးပင် ၂၄,၀၀၀ ကြိုတင်ပျိူးထောင်ထားမှုအခြေအနေနှင့် အေးသာယာ Green Zone ပျိုးဥယျာဉ်အတွင်း တောင်ကြီးမြို့ ထီသိမ်ကန်ရေထွက် စိမ်းလန်းစိုပြည်ရေးနှင့် ထီသိမ်ကန် ရေဝေရေလဲ ထိန်းသိမ်းရေး အတွက် ထင်းရှူးပျိုးပင် ၁၂,၀၀၀ နှင့် အထူးပျိုးပင် ၃၉,၄၀၀ ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


