နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ခရိုင်သစ်တောဦးစီးဌာနရုံးသို့ သွားရောက်၍ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌနဆိုင်ရာများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တနင်္သာရီတိုင်းဒေသကြီးအတွင်း သစ်တောဖုံးလွှမ်းမှု တိုးတက်ကောင်းမွန်ရေး၊ ဒီရေတောများ ထိန်းသိမ်းကာကွယ်ရေး၊ ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းရေး၊ တရားမဝင်သစ်နှင့် သတ္တုထုတ်ယူ သယ်ဆောင်ခြင်းများကို ကာကွယ်တားဆီးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများကို လိုက်နာဆောင်ရွက်ရန်နှင့် အဂတိတရား ကင်းရှင်းစွာ တာဝန်ထမ်းဆောင်ကြရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြိတ်မြို့နယ်ရှိ ရှမ်းချောင်း သစ်တောပျိုးဥယျာဉ်သို့ သွားရောက်၍ ၂၀၂၄ မိုးရာသီတွင် လူထုဖြန့်စိုက်ပျိုးရန် သစ်မျိုး ၁၅ မျိုးဖြင့် ပျိုးပင် ၆၈,၀၀၀ ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ နတ်သမီးရေတွင်း ကျွန်းရှိ အဏ္ဏဝါပုလဲ ကုမ္ပဏီသို့ရောက်ရှိပြီး ဒေသဖွံ့ဖြိုးရေးအတွက် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ စာသင်ကျောင်းများ ပြုပြင်ရန်နှင့် ကျေးလက်ဆေးပေးခန်းများ ဆောက်လုပ်ရန် ထောက်ပံ့ငွေများကို ပေးအပ်ကာ သားဖောက်ခန်းအတွင်း မုတ်ကောင်သားဖောက်မွေးမြူနေမှုနှင့် မုတ်ကောင်အတွင်း ဝတ်ဆံသွင်း ပုလဲမွေးမြူမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်းရှိ မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့်‌ ရောင်းဝယ်ရေးလုပ်ငန်း၏ ပုလဲမွေးမြူထုတ်လုပ်ရေး ကျွန်းစခန်းသို့ရောက်ရှိရာ ဦးဆောင်ညွှန်ကြားရေးမှူးက ပုလဲလုပ်ငန်း ဖြစ်ပေါ်တိုးတက်လာမှု၊ သားဖောက်မုတ်ကောင်မှ ပုလဲထုတ်လုပ်မှုအဆင့်ဆင့်၊ ဌာနနှင့် ပြည်တွင်း/ ပြည်ပကုမ္ပဏီများ၏ နှစ်အလိုက် ပုလဲထုတ် လုပ်မှု၊ ရောင်းချမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံမှ ထွက်ရှိသော တောင်ပင်လယ်ပုလဲသည် ကမ္ဘာတွင် အရည်အသွေးကောင်းမွန်ပြီး စျေးကွက်လိုအပ်ချက် မြင့်မားလာသောကြောင့် မြန်မာ့ပုလဲ မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်ကြရန်မှာကြားသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ပုလဲကျွန်းစခန်း ဝန်ထမ်းအိမ်ရာကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင် ရွက်ပေးသည်။

သတင်းစဉ်