တောင်ကြီး ဩဂုတ် ၂၅
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့သည် ယမန်နေ့နံနက်ပိုင်းက တောင်ကြီးမြို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးရုံးသို့ ရောက်ရှိပြီး သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သစ်တောသယံဇာတများ ရေရှည်တည်တံ့ရေး၊ သန့်ရှင်း ကောင်းမွန်သော ပတ်ဝန်းကျင်ရရှိရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်သော Green Mining၊ Responsible Mining ဖြစ်စေရေး ဦးတည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် တရားမဝင်သစ်နှင့် သတ္တုတွင်းထွက်များ ထုတ်ယူသယ်ဆောင်မှု တားဆီးရေးကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် အဂတိတရား ကင်းရှင်းစွာဖြင့် ပြည်သူက ယုံကြည်လေးစားအားကိုးရသည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်းမှာကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်၏ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသော ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားကာ ဝန်ထမ်းများအား ထောက်ပံ့ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်၍ ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် တောင်ကြီးမြို့နယ် တောင်ကြီး ငှက်ဘေးမဲ့တောအတွင်း ကျောက်တောင်မြေအား ကွန်တိုလိုင်းဖော် မြေအစားထိုးစနစ်ဖြင့် စိုက်ပျိုးထားသော အပင် ၂၃၅၀ ၏ ရှင်သန်အောင်မြင်မှု အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့နယ် တောင်ကြီးထင်းကြိုးဝိုင်း အတွင်းရှိ ၂၀၂၃ ခုနှစ် ရေဝေရေလဲစိုက်ခင်း ဧက ၁၀၀ နှင့် ကွန်တိုလိုင်းဖော် မြေအစားထိုး စနစ်ဖြင့် စိုက်ပျိုးမှု အပင် ၁၂၅၀ ၊ ၂၀၂၃ ခုနှစ် ယူကလစ်စပ်မျိုး စိုက်ခင်း ၁၀ ဧက၊ ၂၀၂၄ ရေဝေရေလဲစိုက်ခင်း ၇၅ ဧက၊ ကျောက်တောင်မြေအား မြေအစားထိုး၍ အပင် ၂၆၀၀ စိုက်ပျိုးထားမှုနှင့် ၂၀၂၄ ခုနှစ် စက်မှုကုန်ကြမ်း ထင်းရှူးစိုက်ခင်းဧက ၇၀ ရှင်သန်အောင်မြင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ တောင်ကြီးမြို့ ရေပေးဝေရေးအတွက် အရေးပါသော ထီသိမ်ကန်ရေထွက် စိမ်းလန်းစိုပြည်စေရေးအတွက် စိုက်ပျိုးထားသည့် ၂၀၂၃ ခုနှစ် ကွက်လပ်ဖြည့် ထင်းရှူးစိုက်ခင်း အပင် ၁၀၀၀၀ အောင်မြင်ဖြစ်ထွန်းနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဟိုပုံးမြို့သို့ ရောက်ရှိပြီး သစ်တောဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ရုံးသစ်တည်ဆောက်နေမှု ကိုလည်းကောင်း၊ ဟိုပုံး-လွိုင်လင် ကားလမ်း ၂၀၂၄ ခုနှစ် အာဆီယံ လမ်းဘေးဝဲယာ စိုက်ခင်း ၄၂ ဧက ရှင်သန်အောင်မြင်မှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ဟိုပုံးမြို့နယ် လွယ်တန့်ကျေးရွာသို့ ရောက်ရှိပြီး သစ်တောဦးစီးဌာနနှင့် အာရှဒေသ သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် လွယ်တန့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကျေးရွာ ၁၆ ရွာမှ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံအတွင်း ဆောင်ရွက်အောင်မြင်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားကာ ဒေသခံများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် လွယ်တန့်ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းအတွင်း သီးနှံသစ်တော ရောနှော စိုက်ပျိုးခြင်း ဆောင်ရွက်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


