ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်မှုနှင့် ၂၀၁၄ သန်းခေါင်စာရင်း၏ အချက်အလက်များကို နှိုင်းယှဉ်လေ့လာပြီး ရရှိပြီး သော လူဦးရေဆုလာဘ်ကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ရေး သုံးသပ်တင်ပြရန်ဆွေးနွေး

နေပြည်တော် မေ ၁၈

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်း ကောက်ယူခြင်းမှ ရရှိသည့်အချက်အလက်များကို နှိုင်းယှဉ်လေ့လာဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ  ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မိမိတို့ နိုင်ငံ၏ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အတွက် မူဝါဒများရေးဆွဲချမှတ် ဆောင်ရွက်ရာတွင် အခြေခံအသုံးပြုရသည့် လူဦးရေဆိုင်ရာ အချက်အလက်များ တိကျမှန်ကန်စွာ ရရှိနိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ကို စီမံချက်ရေးဆွဲဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုအခါ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းကို လုပ်ငန်းအဆင့် (၈) ဆင့်ဖြင့် ဆောင်ရွက်မည်ဖြစ်ရာ ပထမအဆင့်အနေဖြင့် လုပ်ငန်းစဉ်(၅)ဆင့် ပြီးမြောက်နိုင်ရေး စီမံဆောင် ရွက်လျက်ရှိ ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များကို စတင်ဆောင် ရွက်သည့် ၂၀၂၁ ခုနှစ်၊ အောက်တို ဘာလမှ ယခုအထိ လျာထားချက်အတိုင်း ဆောင်ရွက်ပြီးစီးမှုနှင့် စီမံချက်ပါအတိုင်း ဆောင်ရွက် ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

 

ထို့ပြင် ယခင်ဆောင်ရွက်ခဲ့သည့် ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း နှင့် ၂၀၁၉ ခုနှစ်၊ ကြားဖြတ် သန်းခေါင် စာရင်း ကောက်ယူခြင်းမှရရှိသော အချက်အလက် များဖြစ်သည့် အသက်အပိုင်းအခြားအလိုက် လူဦးရေအရွယ်အစား၊ နေထိုင်မှုပုံစံ၊ အိမ်ယာ အသုံးပြုမှုအခြေအနေ၊ ရေကောင်းရေသန့်ရရှိမှုနှင့် လျှပ်စစ်မီးရရှိမှု၊ အိမ်သာအသုံးပြုမှု၊ ကျောင်း ပညာ သင်ကြားမှု စသည်တို့အား လက်ရှိအခြေအနေ နှင့် နှိုင်းယှဉ်သုံးသပ်ကာ နိုင်ငံတော် အတွက် လိုအပ်သည့်အချက်အလက်များ ပံ့ပိုးတင်ပြကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ပကတိ အခြေအနေကို လူဦးရေနှင့်အိမ်အကြောင်းအရာနှင့် ပတ်သက်သည့် ကိန်းဂဏန်းအချက်အလက် များက ဖော်ပြနေခြင်းဖြစ်ပါကြောင်း၊၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်း အချက် အလက်များ၏ သုံးသပ်ချက်အရ မိမိတို့နိုင်ငံသည် ယခုအခါ လူဦးရေဆုလာဘ် ရရှိနေသည့် ကာလဖြစ်ရာ ယင်းအခြေအနေကို ပိုင်ပိုင်နိုင်နိုင် အကျိုးရှိရှိ အသုံးချနိုင်ရန် လိုအပ်ပါကြောင်း၊ ယင်းအချက်အလက်များအပေါ် မူတည်၍ ပြည်သူ့ကျန်းမာရေးဆိုင်ရာကဏ္ဍ၊ ပညာရေးဆိုင်ရာ ကဏ္ဍ၊ စီးပွားရေးဆိုင်ရာကဏ္ဍနှင့် အုပ်ချုပ်ရေးဆိုင်ရာကဏ္ဍ စသည့်ကဏ္ဍများအလိုက် သုံးသပ် တင်ပြနိုင်ရေး ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူ ခြင်းလုပ်ငန်းစဉ်ကို နိုင်ငံတော်အတွက် မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ပြီး လက်ရှိအခြေအနေအရ ကြိုတင်ပြင်ဆင် ခြင်းလုပ်ငန်းများမှ ပြီးစီးနိုင်သမျှသောလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်သွား ကြရန်နှင့် တိကျမှန်ကန်သော အချက်အလက်များဖြစ်စေရေးအတွက် ယခင် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများ အပေါ်အခြေခံ သုံးသပ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ကိုလည်း အချိန်နှင့်တစ်ပြေးညီတင်ပြဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်သူ့အင်အားဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်ခိုင်စိုးက ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းမှ ထုတ်ပြန်ခဲ့ သည့် အချက်အလက်များအပေါ် ကဏ္ဍတစ်ခုချင်းအလိုက် တွေ့ရှိချက်များ၊ သုံးသပ်ချက်များနှင့် ကဏ္ဍအလိုက် အသုံးပြုဆောင်ရွက်နိုင်သည့် အခြေအနေများနှင့် လက်ရှိဆောင်ရွက်နေသည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းမှ အဆင့်(၅)ဆင့်ကို အဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက တင်ပြချက်များကို လိုအပ်သည်များ ဖြည့်စွက် မှာကြားကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)