နေပြည်တော် စက်တင်ဘာ ၆
တနင်္သာရီတိုင်း၊ စစ်ကိုင်း၊ မန္တလေးဒေသကြီး နှင့် ရခိုင်ပြည်နယ်တို့အတွင်း ပန်းခင်းစီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုးထုတ်ပေးရေး လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ (၁) နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး တနင်္သာရီတိုင်း၊ စစ်ကိုင်း၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဦးခင်ရီက နိုင်ငံတော်၏ စီမံချက်ဖြစ်သည့် ပန်းခင်းစီမံချက်အား မိမိတို့ဌာနမှ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ပန်းခင်းစီမံချက်သည် သတ်မှတ်အချိန်ကာလအတွင်း သတ်မှတ်လုပ်ငန်းပမာဏ ပြည့်မီပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ကြရမည့် အခြေအနေ၊ ယခု ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေးရသည့်အပေါ် စနစ်တကျ သုံးသပ်ကာ ဆောင်ရွက်နိုင်သမျှ လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်ကြရန်လိုအပ်မှု၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်နိုင်ရေးအခြအနေ၊ လုပ်ငန်းများ ထိရောက်အောင်မြင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများကလည်း ဒေသအာဏာပိုင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရမည့် အခြေအနေ၊ မီဒီယာပိုင်းမှ online / offline အသုံးပြု၍ ပြည်သူများ သိရှိနားလည် ဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်နေမှု အခြေအနေ၊ လက်ရှိအခြေအနေအရ တပ်မတော်အပါအဝင် အဖွဲ့အစည်းအသီးသီးသို့ ဆက်သွယ်အသိပေးကာ စာရင်းဇယားများ ကောက်ယူဆောင်ရွက်ရေးနှင့် ရုံးများသို့ လာရောက်ဆောင်ရွက်နိုင်မည့် အရေအတွက် သတ်မှတ်ကန့်သတ် ဆောင်ရွက်ပေးနိုင်ရေး အခြေအနေ၊ ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏအလိုက် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ရင်း ရည်မှန်းချက်သို့ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် လုပ်ငန်းလိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရန် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် တနင်္သာရီတိုင်း၊ စစ်ကိုင်း၊ မန္တလေးဒေသကြီးနှင့် ရခိုင်ပြည်နယ် ဦးစီးမှူးများက ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကာလအတွင်း လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်းလိုအပ်ချက်များကို အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပန်းခင်းစီမံချက်သည် နိုင်ငံသားတိုင်း လူမှုဘဝ ပြည့်စုံနိုင်ရေးအတွက် အရေးကြီးသော အထောက်အထား ထုတ်ပေးသည့် စီမံချက်ဖြစ်သည်နှင့်အညီ ပြည်သူများ သိရှိဆောင်ရွက်စေရေး နည်းမျိုးစုံ အသုံးပြု၍ အလေးထားဆောင်ရွက်ကြရန်မှာကြားသည်။
သတင်းစဉ်


